Tuesday 2 June 2015

အမျိုးသမီး ပါဝင်မှု မြင့်လာနိုင်တဲ့ ၂၀၁၅ ရွေးကောက်ပွဲ အခင်းအကျင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို လာမယ့် အောက်တိုဘာသို့ နိုဝင်ဘာလအတွင်းမှာ ကျင်းပပေးမယ်လို့ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပြီး ဖြစ်ပါတယ်။ ပြည်တွင်းအပြင် နိုင်ငံတကာကရော စိတ်ဝင်စားမှု
မြင့်တက်နေတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ အနေနဲ့
ပြင်ဆင်မှုတွေ စတင် ပြုလုပ်နေပြီ ဖြစ်သလို နိုင်ငံရေးပါတီတွေကလည်း အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ယခင်
ရွေးကောက်ပွဲထက် အရေအတွက် ပိုမိုပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက်နေကြပါတယ်။

မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အမျိုးသမီးတွေ ပါဝင်မှုဟာ လျော့နည်းနေပြီး လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုမှာလည်း လွှတ်တော် သုံးရပ်ပေါင်းမှာ ဦးရေအားဖြင့် ၅၆ ဦးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် ပြောမယ်ဆိုရင် ၅ ရာခိုင်နှုန်း နီးပါးသာ ရှိနေပါတယ်။

အထက်မှာ ပြောထားတဲ့ အရေအတွက်က ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေအပြင် တပ်မတော်က အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေလည်း ပါဝင်တဲ့ အရေအတွက် ဖြစ်ပါတယ်။ လွှတ်တော်တွင်း အမျိုးသမီး ကိုယ်စားလှယ်လောင်းရှိမှု အနေအထား နည်းပါးနေတာရဲ့ အကျိုးဆက်ကို ပြောမယ်ဆိုရင် အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အားနည်းတာကို တွေ့နိုင်ပါတယ်။

ဒါကြောင့်လည်း အခုတစ်ကြိမ် ရွေးကောက်ပွဲမှာ အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ ပါဝင်မှုများဖို့၊ အမျိုးသမီး ကိုယ်စားလှယ်တွေကို မဲပေးဖို့ အမျိုးသမီး အခွင့်အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကလည်း လုပ်ဆောင်လာကြတာကို တွေ့ရပါတယ်။

ဒီလို အမျိုးသမီး ကိုယ်စားလှယ်လောင်းတွေ လွှတ်တော်တွင်းမှာ ပါဝင်မှု နည်းလာတဲ့ ပတ်သက်ပြီး  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ‘အရင်ကတည်းက ကျွန်မတို့ နိုင်ငံမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီးတော့ ခွဲခြားဆက်ဆံခံရမှုတွေ အမျိုးသမီးတွေက အမြဲတမ်း နောက်တန်းမှာပဲ ရှိတဲ့အခါကျတော့ အခုလိုနိုင်ငံရေး ကိစ္စရပ်တွေ ဖြစ်လာတဲ့ အခါကျတော့ ကျွန်မတို့ ၂၀၁၀ မှာပဲကြည့်ကြည့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲမှာပဲ ကြည့်ကြည့် တော်တော်လေးကို အင်အားနည်းနေတာကို တွေ့ရတာပေါ့’ လို့  မဇ္ဈိမက စီစဉ်တဲ့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲ စကားဝိုင်း အစီအစဉ်မှာ ပြောဆို ဆွေးနွေးခဲ့ပါတယ်။

လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်တဲ့ အခါမှာ အချို့ပါတီတွေ အနေနဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်း ၃၀ ရာခိုင်နှုန်းလောက် ပါဝင်နိုင်အောင် ဆောင်ရွက်မှုတွေ ပြုလုပ်နေကြပါတယ်။  အမျိုးသမီး ကိုယ်စားလှယ်လောင်းများအတွက် မူဝါဒ ချမှတ်ထားတာနဲ့ ပတ်သက်ပြီး  ချင်းတိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးငိုက်ဆာ့ခ်က “ကျွန်တော်တို့ပါတီမှာ အမျိုးသမီးပါဝင်မှုကို ၃၀ ရာခိုင်နှုန်း ချမှတ်ထားတယ်၊ လာမယ့်ရွေးကောက်ပွဲအတွက် ချင်းတိုးတက်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသမီး ကိုယ်စားလှယ်လောင်း လေးဦး ရှိနေပါတယ်၊ လက်ရှိအနေအထားမှာ အမျိုးသမီး အခွင့်အရေးကို တောင်းဆိုပေးသူ နည်းနေတယ်။ အမျိုးသမီးတွေအတွက် အမျိုးသမီး ကိုယ်တိုင်က ပြောတာပိုထိရောက်တယ်၊ ဥပဒေပြုရင်လည်း အမျိုးသမီး ကိုယ်တိုင်ကပါဝင်မှ မှန်ကန်ထိရောက်တဲ့ ဥပေဒေတွေ၊ နည်းဥဒေတွေ  ချမှတ်နိုင်မှာဖြစ်လို့ပါ’ လို့ ဆိုပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ချင်းတိုးတက်ရေးပါတီကနေ ဝင်ရောက် ရွေးချယ်ခံမယ့်သူ စုစုပေါင်း ၄၅ ဦး ရှိပြီး အမျိုးသမီး အရေအတွက်ဟာ လေးဦးသာ ရှိနေသေးတဲ့အတွက် ပါတီရဲ့ပေါ်လစီအရ ဆိုပါက ပါဝင်မှုနည်းနေသေးတယ်လို့လည်း သူက ဆိုပါတယ်။

ပါတီအနေနဲ့  အခုလိုမျိုး အမျိုးသမီးပါဝင်မှုကို မူဝါဒချမှတ်ပြီး လုပ်ဆောင်ပေးရခြင်းဟာ အမျိုးသမီးတွေက နိုင်ငံမှာဦးရေပိုများပြီး ဒီလိုများပြားတဲ့ အင်အားစု တစ်ခုဟာနိုင်ငံရေး၊ စီးပွားရေး အခန်းကဏ္ဍတွေမှာ ပါဝင်မှု အားနည်းနေရတာကြောင့်လို့လည်း ဦးငိုက်ဆာ့ခ်က ဆိုပါတယ်။

လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီကလည်း လာမယ့် ရွေးကောက်ပွဲအတွက် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် ပိုမိုယှဉ်ပြိုင်နိုင်ရန် မူဝါဒ ချမှတ်ထားပြီး ရန်ကုန်တိုင်းအတွင်းမှာ ရှိတဲ့ မဲန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်
ပြည်ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ်လောင်းများတွင် အမျိုးသမီးဦးရေကို ၁၅ ရာခိုင်နှုန်းထိ ထည့်သွင်းယှဉ်ပြိုင်သွားမယ်လို့ ရန်ကုန်တိုင်း ပါတီအတွင်းရေးမှုး ဦးသာဝင်းက မဇ္ဈိမကို ပြောထားပါတယ်။

ဒါ့အပြင် အတိုက်အခံ ပါတီ ဖြစ်တဲ့ အမျိုးသမီး ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကပင် အမျိုးသမီး ကိုယ်စားလှယ်လောင်း အရေအတွက် ၃၀ ရာခိုင်နှုန်း ပါဝင်လာတာ တွေ့ရတယ်လို့ ဒေါ်ဖြူဖြူသင်းက ဆိုပါတယ်။

မြန်မာနိုင်ငံ အနေအထားတွင် အမျိုးသမီးများက နိုင်ငံရေးဘက်တွင် ပါဝင်ရန် စိတ်ဝင်စားမှု အားနည်းပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း အမျိုးသမီးတွေကို လက်ဆင့်ကမ်း နေရာပေးဖို့လိုသလို လက်ဆင့်ကမ်း နေရာယူမယ့် အမျိုးသမီးတွေကလည်း နိုင်ငံရေးမှာ စိတ်ပါဝင်စားပြီး အရည်အချင်းဖြည့်ဖို့ လိုတယ်လို့လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) ရဲ့ အတွင်းရေးမှုး ဦးတင်စိန်က ဆိုပါတယ်။

တစည အနေဖြင့်လည်း ကော်မတီဝင် ၁၁ ဦး ပါဝင်တဲ့ အမျိုးသမီး ရေးရာ ကော်မတီကို ဖွဲ့စည်းထားပြီး လက်ရှိတွင် ပါတီဝင် အမျိုးသမီးများအတွက် နိုင်ငံရေး အသိပညာပေးသင်တန်းများ လုပ်ဆောင် ပေးနေသကဲ့သို့ ၂၀၁၅ ရွေးကောက်ပွဲအတွက်လည်း အမျိုးသမီး ကိုယ်စားလှယ်လောင်း ပါဝင်မှု တိုးမြင့်စေရန် လည်း ပါတီတွင်း အစီအစဉ်တွေ လုပ်ဆောင်နေပြီလို့လည်း ၎င်းက ဆိုပါတယ်။

မြန်မာနိုင်ငံ အနေနဲ့ဆိုရင် အမျိုးသား အမျိုးသမီး တန်းတူညီမျှ ရှိဖို့အတွက် အချို့သော ရိုးရာ ဓလေ့ထုံးစံတွေကို ပြန်သုံးသပ်ပြီး
လေ့လာဆန်းစစ်ဖို့ လိုတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏  ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုပါတယ်။

အမျိုးသမီး နိုင်ငံရေးလုပ်ဆောင်သူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေဟာ လူပုဂ္ဂိုလ် ဘက်လိုက်မှုကင်းပြီး ဆွေးနွေးတဲ့ အကြောင်းအရာကိုသာ လေ့လာမှု အားကောင်းစွာနဲ့ ပြောဆိုတင်ပြတဲ့ အားသာချက်က အမျိုးသားတွေထက် သာတယ်လို့လည်း သူ့ရဲ့ နိုင်ငံရေး အတွေ့အကြုံတွေနဲ့ ချိန်ပြီး ဦးခင်မောင်ဆွေက ဆိုပါတယ်၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့ဆိုရင် စတင် တည်ထောင်ချိန်ကတည်းက အမျိုးသမီး ပါဝင်မှုကို၂၀ ရာခိုင်နှုန်း သတ်မှတ်ထားပြီး လာမယ့်ရွေးကောက်ပွဲအတွက် ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေမှာ အမျိုးသမီးပါဝင်မှုက ယခင်ရွေးကောက်ပွဲထက် ပိုများနေပြီလို့လည်း ၎င်းက ဆိုပါတယ်။

အချို့ပါတီတွေ အနေနဲ့ အမျိုးသား၊ အမျိုးသမီး ပါဝင်မှု၊ ဝင်ရောက်ရွေးကောက်ခံမှုကို ကန့်သတ်ထားတာ မရှိပေမယ့် မြန်မာနိုင်ငံရဲ့ ခေတ် အဆက်ဆက် ဖြတ်သန်းလာတဲ့ နိုင်ငံရေး အနေအထားအရ အမျိုးသမီးတွေက မြန်မာ့နိုင်ငံရေးမှာ ပါဝင်မှု အားနည်းနေဆဲ ဖြစ်ပါတယ်။

ဒါကြောင့် မည်သည့် နိုင်ငံရေးပါတီတွင်မဆို အမျိုးသမီး ပါဝင်မှုအတွက် မူဝါဒများသေချာစွာ ချမှတ်လုပ်ဆောင်ပေးမှသာ အမျိုးသမီး ကိုယ်စားလှယ် ပါဝင်မှုနှုန်းမြင့်တက် အားကောင်းလာမယ်လို့ ရခိုင်အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။

ပါတီတွင်းမှာ အမျိုးသမီး ပါဝင်မှု နည်းနေတာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားပါတီက အတွင်းရေးမှူး ဦးမန်းကျော်ငြိမ်းက “အမျိုးသမီးတွေ  ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ မူဝါဒချမှတ်ထားတယ် ချမှတ်ဖို့လည်း လိုတယ်။ ဒါတောင် ဒီရာနှုန်းပြည့်ဖို့ မနည်းကြိုးစား စည်းရုံးနေရတယ်၊
မြို့ပေါ်ပိုင်းမှာ သိပ်ပြဿနာ မရှိပေမယ့် နယ်ဘက်မှာတော့ mindset  (စိတ်နေစိတ်ထား) တွေ ချိန်းဖို့လိုသေးတယ်၊ အမျိုးသမီးတွေက နိုင်ငံရေးဆို ဝင်ပါဖို့ ကြောက်နေတုန်းပဲ” လို့ သူ့ရဲ့ စည်းရုံးရေး အတွေ့အကြုံကို ပြောပါတယ်။

နိုင်ငံတကာမှာ ကြည့်မယ်ဆိုရင် ၁၉၇၅ ခုနှစ်တုန်းက တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပါလီမန် လွှတ်တော်တွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး အရေအတွက်ဟာ ၁၀.၉ ရာခိုင်နှုန်း ရှိခဲ့ပြီး ၁၉၇၇ ခုနှစ်က စလို့ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ ပြန်လည် လျော့ကျသွားတယ်လို့ သိရပါတယ်။

လွှတ်တော်ထဲမှာ အမျိုးသမီးပါဝင်မှု အမြင့်ဆုံး နိုင်ငံတွေကို ပြောမယ်ဆိုရင် ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေ၊ ဖင်လန်၊ နယ်သာလန်၊ အိုက်စ်လန်၊ မိုဇင်ဘစ်၊ ဂျာမဏီနဲ့ နယူးဇီလန် စတဲ့ နိုင်ငံတွေကို တွေ့ရမှာဖြစ်ပြီး အဲဒီနိုင်ငံတွေရဲ့ ပါလီမန်မှာ အမျိုးသမီး အရေအတွက်က ၃၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေပါတယ်။ အမျိုးသမီးတွေကို ဥပဒေပြုရေး မဏ္ဍိုင်မှာ ငါးရာခိုင်နှုန်းအောက်သာ ရွေးကောက်ထားတဲ့ နိုင်ငံတွေက နိုင်ငံပေါင်း ၃၄ နိုင်ငံရှိပြီး အများစုက အာဖရိက၊ ပစိဖိတ် ကျွန်းနိုင်ငံတွေနဲ့ အာရပ်နိုင်ငံတွေပဲဖြစ်ပါတယ်။

ပါတီတွေ အနေနဲ့ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ ပိုမို များပြားလာအောင် ဆောင်ရွက်သင့်တာကိုလည်း လာမည့် ၂၀၁၅ ရွေးကောက်ပွဲမှာဝင်ရောက် ယှဉ်ပြိုင်မယ့် ချင်းတိုးတက်ရေး ပါတီမှ ဒေါ်ချယ်ရီဇဟောင်ကလည်း ‘၂၀၁၂ မှာ လုပ်ခဲ့တဲ့ သန်းခေါင် စာရင်းအရလည်းပဲ တိုင်းရင်းသား ဒေသတိုင်းမှာ ဒီလူဦးရေတစ်ဝက်က အမျိုးသမီးတွေဖြစ်နေတယ်ဆိုတော့ အမျိုးသားတွေ ချည်းကနေပဲ
ပြည်နယ်အစိုးရတွေမှာ ဝန်ကြီးနေရာကော၊ အမတ်တွေနေရာမှာကော ဝင်ပြီးကြီးစိုးနေတဲ့ အခါကျတော့ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေ အင်မတန်မှ လစ်ဟာနေတာတွေ တွေ့ရတယ်ပေါ့နော်။ အဲ့ဒါတွေကြောင့်မို့ တိုင်းရင်းသား ပါတီတွေအနေနဲ့ သူတို့ရဲ့ အမတ်လောင်းတွေ စာရင်းထဲမှာ အမျိုးသမီးတွေကို လုံးဝထည့်ကို ထည့်သင့်တယ်’ လို့ သူမ အမြင်ကို မဇ္ဈိမက စီစဉ်တဲ့ အမျိုးသမီးနဲ့ ရွေးကောက်ပွဲ စကားဝိုင်း အစီအစဉ်မှာ ပြောဆို ဆွေးနွေးခဲ့ပါသေးတယ်။

မြန်မာနိုင်ငံ အနေနဲ့လည်း အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များ ၂၀၁၅ ရွေးကောက်ပွဲမှာ ပါဝင်လာနိုင်အောင် ကြိုးစားနေကြပြီ ဖြစ်သလို ရွေးကောက်ပွဲ ဝင်မယ့် အမျိုးသမီးတွေအတွက် အခက်အခဲ ရှိနေသေးတယ်လို့လည်း အချို့က ဆိုကြပါတယ်။

ဒီလို အခက်အခဲတွေ ရှိနေတာကိုလည်း ဒေါ်ဖြူဖြူသင်းက ‘အခု ၂၀၁၅ မှာတော့ ကျွန်မတို့မြင်တာကတော့ နေရာတိုင်း၊ ဒေသတိုင်းမှာ အားလုံးက ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့က ပိုပြီးတော့ ရုန်းကန်ရမယ်လို့ ကျွန်မမြင်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မတို့နိုင်ငံရဲ့ အနေအထားက လုံခြုံရေးအရကော ကျွန်မတို့အားလုံးကို ကြည့်ရမှာ ဖြစ်တဲ့အတွက် ရန်ကုန်မြို့ထဲလို နေရာမျိုးမှာ စည်းရုံးရေးဆင်းရင် ပြဿနာ မရှိဘူး။ ဒါပေမယ့် သိပ်ကိုဝေးလံခေါင်တဲ့ အရမ်းကိုခေါင်တဲ့ ဒေသတွေမှာဆိုရင် ဒီအမျိုးသမီး တစ်ယောက်က သူသွားတာလာတာကအစ အများကြီး ဂရုစိုက်ရမယ့် ကိစ္စတွေ ရှိတယ်ပေါ့နော်။ ဒါလည်း ကျွန်မတို့ လုံခြုံရေး ကိစ္စလို့မြင်တယ်’ လို့ ဆိုပါတယ်။

အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ ပိုမိုပါဝင်နိုင်ရေးအတွက် အမျိုးသမီးတွေ မပါမနေရ အနေဖြင့် Quotar စနစ်နဲ့ သွားနိုင်အောင် ဆောင်ရွက် သွားသင့်တယ်လို့လည်း အချို့က အကြံပြု ပြောဆိုတာတွေ ရှိပါတယ်။ အချို့နိုင်ငံတွေမှာလည်း အဲဒီစနစ်ကို ကျင့်သုံးနေတဲ့အတွက် မြန်မာနိုင်ငံ အနေနဲ့လည်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ကြောင်း ထောက်ပြ ပြောဆိုမှုတွေ ရှိပါတယ်။

ဒေါ်ခင်စောဝေက  “ဥပဒေ တစ်ခုချမှတ်ပြီး အမျိုးသမီး ပါဝင်မှုရာခိုင်နှုန်းကို သတ်မှတ်မယ်ဆိုရင်တော့ နိုင်ငံရေးပါတီတွေက သေချာပေါက် အမျိုးသမီး ပါဝင်မှုနှုန်းကို လုပ်လာကြမှာပဲ၊ ကိုယ်တာ စနစ်ပဲဖြစ်ဖြစ် စနစ်တစ်ခု သတ်မှတ်ပေးဖို့လိုတယ်” လို့ ၎င်း၏ အမြင်ကို သုံးသပ်ပါတယ်။

နိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေက နိုင်ငံရေးမှာ ပိုမိုပါဝင်လာနိုင်မယ်၊ လွှတ်တော်တွင်းမှာ ပိုမိုပါဝင်လာနိုင်မယ်ဆိုရင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ပိုမိုဖြေရှင်းလာနိုင်မှာ ဖြစ်ပါတယ်။

ပါတီတွေ အနေနဲ့လည်း အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မယ့် အခန်းကဏ္ဍ ပိုမို တိုးတက်လာအောင် တွန်းအားပေး ဆောင်ရွက်ရမှာ
ဖြစ်သလို အမျိုးသမီးတွေ အနေနဲ့ကလည်း နိုင်ငံရေးမှာ ပါဝင်လာအောင် ပိုမိုကြိုးစားသွားကြရမှာ ဖြစ်ပါတယ်။  ဒါကြောင့် ၂၀၁၅
ရွေးကောက်ပွဲ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ အမျိုးသမီးတွေကို ပိုမို မြင်တွေ့ရနိုင်မှာဖြစ်ပြီး ဒီကနေတဆင့် လွှတ်တော်ထဲမှာ အမျိုးသမီး ပါဝင်မှု ရာခိုင်နှုန်းများလာအောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။
တင်ဇာအောင်၊ ထက်ထက်အောင်
mizzima

No comments:

Post a Comment