Tuesday 2 June 2015

“အမုန်းတရား ဟောပြီး မဲမဆွယ်ပါနဲ့”

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရဟာ အရင် စစ်အာဏာရှင်တွေနဲ့ အစိုးရအဆက်ဆက်ရဲ့ ဆိုးမွေကြီး တစ်ခုဖြစ်တဲ့ ပြည်တွင်းစစ်ကို လက်ခံ ရရှိထားပါတယ်။ ပြည်တွင်းစစ်ဟာ အရာရာကို ဖျက်ဆီးပါတယ်။ တိုင်းရင်းသား အချင်းချင်း မုန်းတီးမှု၊ မယုံကြည်မှု ဖြစ်ပေါ်စေပါတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆိုတာကို စက္ကူပေါ်မှာပဲ တည်ဆောက်လို့ ရပါတယ်။ တကယ် လက်တွေ့ မတည်ဆောက်နိုင်ပါဘူး။ တိုင်းပြည်စီးပွားရေး ကိုလည်း ဖျက်ဆီးပစ်ပါတယ်။ စစ်အာဏာရှင် စနစ်ကိုလည်း အမြစ်တွယ် ရှင်သန်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်စေလိုတဲ့ စိတ်ဆန္ဒရှိတဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့တွေဟာ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါး ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ် ရပ်စဲပြီး လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် ကျားကုတ်ကျားခဲ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမှာ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှု ပိုပြီး ပျက်ပြားအောင်၊ ငြိမ်းချမ်းရေးကို အလှမ်းဝေးသွားစေအောင်အထိ ဖြစ်သွားစေနိုင်တဲ့ ဆောင်းပါး တစ်ပုဒ် ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်မှာ ဖော်ပြပါရှိလာပါတယ်။


ဘယ်ဂျာနယ်မှာ ဘာတွေ ဖော်ပြလာတာပါလဲ၊ အဲဒီ အကျိုးဆက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ရည်ညွှန်းပါ ဆောင်းပါးကတော့ “တိုင်းပြည်အတွက် မဘသ” ဆိုတဲ့ ဆောင်းပါးဖြစ်ပြီး မေလ ၁၇ ရက်ထုတ် သာကီသွေး ဂျာနယ် စာမျက်နှာ (၆) မှာ ဖော်ပြထားတာပါ။ ဒီဆောင်းပါး ရေးသူကတော့ နှယ်နှယ်ရရ ပုဂ္ဂိုလ် မဟုတ်ပါဘူး။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီး ထင်ရှားနေတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ (မဘသ) ရဲ့ ဥက္ကဋ္ဌ ဆရာတော် အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက် ဆရာတော် အရှင် တိလောကာ ဘိဝံသ ကိုယ်တိုင် ဖြစ်နေလို့ပါ။ ဒါကြောင့်လဲ အခုလို ဝေဖန်သုံးသပ်မှု ပြုရတာ ဖြစ်ပါတယ်။

ဆောင်းပါးမှာ ဖော်ပြထားတာတွေကတော့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ခေတ်အဆက်ဆက်ကနေ ကနေ့ထက်တိုင် ဘာသာခြား လူမျိုးခြား တွေရဲ့ ဖိနှိပ်၊ နှိပ်စက်၊ စော်ကား ခံခဲ့ရတဲ့အကြောင်း၊ ဒီအထဲမှာ ဗုဒ္ဓဘာသာ မြန်မာ အမျိုးသမီး တွေလည်း ပါဝင်တဲ့အကြောင်း၊ အဲဒီ ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတွေကို ကာကွယ်ပေးဖို့ အမျိုးစောင့် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုတဲ့အကြောင်း၊ ဒါကြောင့် လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သူတွေကို ရွေးချယ်ပေး ရမှာ ဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။

အဲဒီအထဲက စာပိုဒ် တစ်ပိုဒ်ကို ကောက်နှုတ်ဖော်ပြရရင် “ ယနေ့ မျက်မှောက်ခေတ် မှာလည်း ရခိုင်၊ မောင်တော ဒေသစသည်တို့၌ ဧည့်သည် လူမျိုးခြား၊ ဘာသာခြား ဘင်္ဂါလီများ က ဧည့်သည်ဝတ် ဖောက်ဖျက်ကာ အိမ်သည် မြန်မာများကို သတ်ဖြတ် နှင်ထုတ်နေကြသည်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များကို ဖျက်ဆီးခြင်း၊ ရဟန်းသံဃာများ အပါအဝင် ဗုဒ္ဓဘာသာ ဝင်များကို ဗြောင်တစ်မျိုး ကွယ်ရာတစ်ဖုံ သတ်ဖြတ် ညှဉ်းဆဲ နှိပ်စက်ကြလေပြီ။ ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီးများကို ခရစ်ယာန် သူပုန်များ က သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ။ မြန်မာမှာရော၊ ကမ္ဘာမှာပါ ဗုဒ္ဓဘာသာဝင်များက အခြားဘာသာ လူမျိုးများအပေါ် မတရားစော်ကား အကြမ်းဖက်ဖူးသည့် သမိုင်းကြောင်း လုံးဝ မရှိခဲ့ပါ” ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။

ဒီ စာပိုဒ်ပါ “ကချင်၊ ကယား စသော အစွန်အဖျား ဒေသများ၌လည်း ဘုန်းတော်ကြီး များကို ခရစ်ယာန် သူပုန်များက သတ်ဖြတ် ချေမှုန်းနေကြလေပြီ။ တိုင်းရင်းသားများ ဗုဒ္ဓဘာသာဝင်များ အသတ်ခံရသူများ အသတ်ခံရ၊ ကိုယ်လွတ်ရုန်းပြေးသူ ပြေးရ၊ ဖြစ်ခဲ့ကြရပါပြီ” ဆိုတာ အလွန်အန္တရာယ်များတဲ့ အမုန်းတရား စာသားဖြစ်ပါတယ်။ အစိုးရ အဆက်ဆက်ကို တော်လှန်ပုန်ကန်ခဲ့တဲ့ ကေအိုင်အေ ကချင်သူပုန်တွေ၊ KNPP ကရင်နီ သူပုန်တွေကို ခရစ်ယာန် သူပုန်တွေအဖြစ် ရည်ညွှန်းပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်ချေမှုန်းနေတယ် ဆိုပြီး မှန်ကန်မှု မရှိတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြ လိုက်တာပါ။

လက်ရှိ ပြည်တွင်းစစ်ပွဲ ဖြစ်ပွားနေတာမှာ ကချင်နဲ့ ဗမာ၊ ကရင်နီနဲ့ ဗမာ လူမျိုးခြင်း စစ်ပွဲ ဖြစ်နေကြတာ မဟုတ်သလို၊ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ ဖြစ်နေကြတဲ့ စစ်ပွဲလည်း မဟုတ်ပါဘူး။ တိုင်းရင်းသား တန်းတူ အခွင့်အရေးရအောင် ခေတ်အဆက်ဆက် ဗဟိုအစိုးရ ကို တော်လှန်ပုန်ကန်နေကြတာသာ ဖြစ်ပါတယ်။ မဘသ ဆရာတော်ကြီးရဲ့ ရေးသားချက်ဟာ လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသား အခွင့်အရေး တန်းတူရရေး တော်လှန် ပုန်ကန်မှုကို ပုံပျက်ပန်းပျက် ဖြစ်အောင် စွတ်စွဲလိုက်တာ ဖြစ်သလို လက်ရှိ အစိုးရအဖွဲ့နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်ရေး ကိစ္စ၊ ငြိမ်းချမ်းရေး ကိစ္စကို အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

နောက်ထပ် မမှန်ကန်တဲ့ အချက်အလက်တွေ ရေးသား ဖော်ပြပြန်ပါတယ်။ “ရန်ကုန်၊ မန္တလေး စသော ပြည်တွင်းရှိ အချို့နေရာများမှာပင် လူမျိုးခြား၊ ဘာသာခြားများ ရမ်းကား စော်ကားမှုကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အသက်အိုးအိမ် လုံခြုံမှု စိုးရိမ်နေကြရပြီ” လို့ ဆိုပါတယ်။ ဒီ အခြေအနေ မှန်ကန်မှု မရှိဘူးဆိုတာ ရန်ကုန်၊ မန္တလေး နေထိုင်သူ အားလုံး သိရှိကြပါတယ်။ ဒီလို ရေးသားဖော်ပြမှုဟာ နဂိုကတည်းကမှ တစ်ဦးအပေါ် တစ်ဦး သံသယ စိတ်နဲ့ ကြည့်နေကြတဲ့ မတူညီတဲ့ ဘာသာဝင်တွေအကြား ပိုပြီး သံသယပွား၊ ပိုပြီး အမုန်းပွားတဲ့ အကျိုးဆက်ပဲ ဖြစ်စေနိုင်ပါတယ်။

မဘသ ဆရာတော် နောက်ဆုံးရေးတာက အမျိုးစောင့် ဥပဒေကို ကန့်ကွက်သူတွေ ဟာ မြန်မာနိုင်ငံတော်ကို သစ္စာဖောက် သူတွေ ဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး “ ၂၀၁၅ ခု ရွေးကောက်ပွဲ၌ မြန်မာနိုင်ငံ၏ နိုင်ငံ့သစ္စာဖောက်များနှင့် ကိုယ်ကျိုးသာ ကြည့်သူများကို ရှောင်ရှားပြီး နိုင်ငံတော်နှင့် အမျိုးဘာသာ သာသနာအတွက် အားကိုးလောက်သော နိုင်ငံ့ ခေါင်းဆောင် ကိုယ်စားလှယ်များကိုသာ စနစ်တကျ ရွေးချယ်နိုင်ကြပါစေကြောင်း” ဆိုပြီး အတိအလင်း ရေးသားထားတာ တွေ့ရပါတယ်။ ဆရာတော် အနေနဲ့ ကိုယ်ကြိုက်နှစ်သက်ရာ ခေါင်းဆောင်၊ ကြိုက်နှစ်သက်ရာ ပါတီကို နှစ်သက်ခွင့် ရှိပါတယ်။ ဝိနည်းနဲ့ ညီတယ်ဆိုရင် ဘယ်လိုခေါင်းဆောင် ဘယ်လို ပါတီမျိုးကို မဲပေးရွေးချယ်ပါဆိုပြီး ကိုယ့် တပည့်ဒါယိကာ၊ ဒါယိကာမတွေကို တိုက်တွန်းနိုင်ပါတယ်။ ဒါပေမယ့် တိုင်းပြည် မီးလောင်မယ့် အမုန်းတရား သွတ်သွင်းပြီး လုပ်ကိုင်ဆောင်ရွက်ဖို့တော့ မသင့်တော်ပါကြောင်း၊ ဒါဟာ မဘသ အဖွဲ့ဝင် ဆရာတော် သံဃာတော် အားလုံးရဲ့ သဘောထားမျိုးလည်း မဟုတ်နိုင်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။
 စည်သူအောင်မြင့်
mizzima

1 comment:

  1. ဆရာတော်ရေးသားထားတာတွေက အမှန်ဖြစ်စဉ်တွေပါ လက်ရှိ မြန်မာမလေးတွေကို မုဒိန်းကျင့်သက်ဖြတ်နေတာ ခင်းမတွေဘူးလား ဒူရင်းသီးစားရင်း ဒူရင်းသီးအနံ့ထွက်တယ် သရက်သီးစားရင် သရက်သီးအနံ့ထွက်တယ် ခင်ဗျားကဘာစားထားလဲဆိုတာကျွန်တော်မသိဘူး အခုကုလားစော်နံ့တယ် postကိုဖက်ရတာ

    ReplyDelete