Tuesday 26 May 2015

ငလျှင်ဒဏ်သင့် နီပေါပြည်သူများအတွက် လမ်းဘေး ဂီတာဝိုင်းဖြင့် ကောက်ခံ ရရှိထားသည့် အလှုငွေ သိန်း ၁၂၀ ယခု တစ်ပတ်အတွင်းလှုမည်

#‎myanmar4 nepal လူငယ်ပရဟိတအဖွဲ့က နီပေါနိုင်ငံတွင် ငလျင်ဒဏ် ဘေးသင့် ပြည်သူများအတွက် ဂီတဖြင့် အလှူခံခြင်းကို မေ ၆ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှေ့တွင် တွေ့ရစဉ်။ (ဓာတ်ပုံ- သက်ကို၊ မဇ္ဈိမ)
ပရဟိတ မြန်မာလူငယ်များက လမ်းဘေး ဂီတာဝိုင်းဖြင့် ကောက်ခံရရှိထားသည့် အလှူငွေ သိန်း ၁၂၀ အား နီပေါနိုင်ငံမှ ငလျင်ဒဏ်ခံရသည့် ပြည်သူများသို့ ယခု တစ်ပတ်အတွင်းတွင် လှူဒါန်း သွားမည်ဟု အဖွဲ့ဝင် မအိမိုကိုက မဇ္ဈိမကို ပြောသည်။

"သူတို့အတွက် အခု Camp တွေ လိုအပ်နေတယ်၊ အမိုးတွေအကာတွေ လိုအပ်နေပါတယ်" ဟု ၎င်းက ပြောသည်။

လှူဒါန်းမှုကို  မြန်မာလူငယ်များက ငွေသားအဖြစ် လှူဒါန်းပြီး နီပေါနိုင်ငံတွင် ရှိသော Action Aid  အဖွဲ့မှ ငလျှင်ဘေးသင့် ပြည်သူများအတွက် အဓိကလိုအပ်နေသည့် Camp များ အမိုးအကာများကို လိုအပ်သည့် နေရာများ လှုဒန်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ၎င်းက ပြောသည်။

၎င်းတို့ အဖွဲ့က ရန်ကုန်မြို့ပေါ်တွင် ပြီးခဲ့သည့် ဧပြီ ၂၉ ရက်နေ့မှ စ၍ ၁၀ ရက်အတွင်း ရန်ကင်း စင်တာ၊ အင်လျားကန်၊ Dagon Center 1၊ ရန်ကင်း စင်တာ၊ လှည်းတန်း မီးပွိုင့်၊ ဗိုလ်ချုပ်ဈေး ၊ FMI Center ရှေ့များတွင် လမ်းဘေး ဂစ်တာဝိုင်းအဖြစ် ကိုယ်ပိုင် တယော၊ ဂစ်တာများဖြင့် တီးခတ်၍ လူငယ်နှင့် ပတ်သက်သည့် သီချင်းများ၊ ငြိမ်းချမ်းရေး သီချင်းများ ဖြင့် အလှူငွေ ကောက်ခံခဲ့ရာ သိန်း ၆၀ ရရှိခဲ့ပြီး Action Aid အဖွဲ့အစည်းက သိန်း ၆၀ လှူဒါန်းမှုဖြင့် စုစုပေါင်း သိန်း ၁၂၀ ရရှိခဲ့ခြင်း ဖြစ်သည်။

နီပေါနိုင်ငံတွင် ဧပြီ ၂၄ ရက်က ရစ်ခ်ျတာစကေး ၇ ဒသမ ၈ ရှိသည့် ငလျင်လှုပ်ခဲ့ပြီး လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူလည်း များပြားခဲ့သည်။ ယင်း ငလျင်ဒဏ် ခံစားနေရ သူများကို လှူဒါန်းရန် လူငယ်များက ယင်းသို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

ယင်းအပြင် မေ ၁၂ ရက်က နီပေါနိုင်ငံတွင် အင်အားပြင်း ငလျင် ထပ်မံလှုပ်ခတ်ခဲ့ပြီး ရစ်ခ်ျတာစကေး ၇ ဒသမ ၄ ရှိကာ မေ ၁၄ ရက်အထိ သေဆုံးသူ ၁၁၀ ကျော် ရှိခဲ့သည်။

နီပေါနိုင်ငံတွင် ငလျင်သင့် ဒုက္ခသည်များအား လှူဒါန်းလိုသူများသည် ၎င်းတို့၏ ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာ Myanmar For #NepalEarthquake ကို ဆက်သွယ် လှူဒါန်းနိုင်မည် ဖြစ်သည်။

ယင်းငလျင်ဒဏ် ခံစားနေရသူများကိုလှုဒါန်းရန် မြန်မာနိုင်ငံရှိ အခြားအဖွဲ့အချို့ကလည်း ဆောင်ရွက် လျက်ရှိသည်။

ယင်းအပြင် မြန်မာနိုင်ငံမှ CP ကြက်ကြော်နှင့် Wired Media တို့ ပူးပေါင်းကာ “Myanmar Pray For Nepal” အမည်ဖြင့်  အဖွဲ့ ဖွဲ့ထားပြီး လှုဒါန်းမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

Mizzima - News in Burmese​ 

No comments:

Post a Comment