Tuesday 26 May 2015

ကိုယ်စားလှယ်လောင်းများ တပ်ဧရိယာအတွင်း မဲဆွယ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင် ကြားဝင်ညှိနှိုင်းပေးမည် မဟုတ်ဟုဆို

အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလတွင် ရွေးကောက်ခံမည့် ကိုယ်စားလှယ်လောင်းများ သက်ဆိုင်ရာ တပ်ဧရိယာများတွင် မဲဆွယ်နိုင်ရန် ရွေးကောက်ပွဲကော်မရှင်က ကြားဝင်ညှိနှိုင်းပေးမည် မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်ကပြောကြားသည်။

နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့်တိုင်ကြားနိုင်သော ကျင့်ဝတ်များနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“မဲဆွယ်တာက ခင်ဗျားအိမ်ထဲကို ခင်ဗျားသဘောမတူဘဲ ဝင်ပြီး မဲဆွယ်လို့ မရဘူးလေ။ ခွင့်ပြုချက် တောင်း ရမှာပေါ့။ အဲဒီတော့ သက်ဆိုင်ရာ တပ်အကြီးအကဲက ခွင့်မပြုဘဲ ဝင်လို့ရမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ကတော့ ကြားဝင်ညှိနှိုင်းပေးမှာ မဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ သက်ဆိုင်ရာ ကိုယ်စားလောင်းများက တပ်ဧရိယာအတွင်းရှိ စစ်သည်အရာရှိများနှင့် မိသားစုဝင် များကို မဲဆွယ်လိုပါက သက်ဆိုင်ရာ တပ်ထံသို့ ခွင့်ပြုချက်တောင်းရမည် ဖြစ်သောကြောင့် ကော်မရှင်၏ ကြားဝင်ညှိနှိုင်းမှု လိုအပ်ကြောင်း နိုင်ငံရေးပါတီ အချို့က သုံးသပ်ပြောဆိုကြသည်။

အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “တပ်ရင်းတပ်ဖွဲ့တွေထဲကို ဝင်ပြီး မဲဆွယ်ဖို့ ဆိုတာက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သဘောထားကလည်း အရေးကြီးပါတယ်။ တပ်ရင်း ဧရိယာထဲကို သာမန်လူ ပေးဝင်မဝင် ဆိုတာကတော့ ခန့်မှန်းကြည့်တာနဲ့ သိသာပါတယ်။ ကော်မရှင်က တရားဝင်ညွှန်ကြားချက် ထုတ်ပေးရင်တော့ တစ်မျိုးပေါ့” ဟု ဆိုသည်။

အလားတူ တပ်ပိုင်ဧရိယာအတွင်း မဲဆွယ်လိုပါက လုံခြုံရေးအရ ခွင့်မပြုခြင်း ဖြစ်ပေါ်လာနိုင်သော်လည်း ရွေးကောက်ပွဲကော်မရှင်က ကြားဝင်ညှိနှိုင်းပေးမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဥပဒေမဲ့ မဲဆွယ်မှုများနှင့် နိုင်ငံရေးပါတီများ အချင်းချင်း စောင့်ကြည့် ရမည့် ကျင့်ဝတ်များနှင့် ပတ်သက်ပြီး နိုင်ငံရေးပါတီများက မူအရ သဘောတူညီထားသောကြောင့် ဇွန်လ ပထမပတ်အတွင်း အတည်ပြု ထုတ်ပြန်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရေး ကာလကို ရွေးကောက်ပွဲကျင်းပမည့် ရက်မတိုင်မီ ရက်ပေါင်း ၆၀ အချိန်ပေးထားကြောင်း နိုင်ငံရေးပါတီများထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment