Tuesday 26 May 2015

“၀”တပ်ဖွဲ့တွင် ကလေးစစ်သားများရှိ နေကြောင်း ၀န်ခံ

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တွင် ကလေး စစ်သားများ ရှိနေကြောင်းနှင့် အဆိုပါ ကလေးစစ်သား အရေးကို ရေရှည် နည်းလမ်းဖြင့်သာ ဖြေရှင်းသွား ရမည် ဖြစ်ကြောင်း UWSA ပြောရေး ဆိုခွင့်ရှိသူ ဦးအောင်မြင့်က The Messenger Media သို့ပြောသည်။ ကလေး စစ်သား အရေးနှင့် ပတ်သက်၍ ယခုလ (၂၂) ရက်နေ့တွင် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (Unicef) နှင့်လည်း UWSA ဌာနချုပ်ရှိ ရာ ပန်ဆန်း တွင် ဆွေးနွေးခဲ့ သေးကြောင်း UWSA ထံမှ သိရသည်။

Unicef က ပန်ဆန်းဒေသက တပ်ဖွဲ့ကိုလာ လေ့လာတယ်။ ကလေး စစ်သား ကိစ္စက ဆွေးနွေးဖြစ်ခဲ့ကြ ပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ (၁၈) နှစ်မပြည့်တဲ့ ကလေး စစ်သားတွေရှိ နေတယ်။ “၀” တပ်ဖွဲ့ထဲက ကလေးစစ်သားတွေကို ထုတ်ပယ်ဖို့ ကိစ္စက တစ်မိနစ် နှစ်မိနစ်နဲ့ ဆွေးနွေးဖို့ မလွယ်ဘူး။ ဒေသ ဖွံ့ဖြိုးရေး စီးပွားရေး မိသားစုတွေ နေထိုင်တဲ့ ဘ၀တွေရှိနေတယ်။ ဒါကြောင့် ဒီကိစ္စကို လွယ်လွယ်နဲ့ တစ်ခွန်း နှစ်ခွန်း ပြောပြီး ဖြေရှင်း ရမယ့် ကိစ္စ မဟုတ်ဘူး ဟု UWSA ပြောရေးဆိုခွင့် ရှိသူ ဦးအောင်မြင့် က The Messenger Media သို့ ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဖြစ်စဉ်၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများတွင် ကလေးစစ်သား ပါဝင်နေသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေး ထားခြင်း မရှိသေးကြောင်း NCCT ထံမှသိရသည်။ 

“၀ တပ်ဖွဲ့ထဲမှာ ကလေးစစ်သား ရှိတဲ့ ကိစ္စကတော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ ဥပဒေအရ အစိုးရဘက်က တပ်မှာ ကော တိုင်းရင်းသားတေ ဘက်က တပ်မှာကော ကလေး စစ်သား ဆိုတာမရှိရပါဘူး။ ကျွန်တော်တို့ ကလေးစစ်သားတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ လုပ်ထားတဲ့ နှစ်ဖက် တပ်များ လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်း မှာတော့ ထည့်သွင်းထားတာရှိ ပါတယ်။ ကလေးစစ်သား ကိစ္စ ကတော့ NCA လက်မှတ် ရေးထိုးပြီးမှပဲ လုပ်ဆောင် သွားမှာပါ ဟု NCCT အဖွဲ့ဝင် ဒေါက်တာ ဆလိုင်းလျန်မုန်းဆားခေါင်က The Messenger Media သို့ပြောသည်။

UWSA သည် မြန်မာနိုင်ငံတွင် ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများတွင် အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ခန့်မှန်းအင်အား (၃၀၀၀၀)နှင့် အရံ အင်အား (၁၀၀၀၀) ခန့်ရှိကြောင်း ၂၀၁၄ ခုနှစ် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို ပုံဖော်ခြင်းလမ်းဩန် အကိုးအကားတွင် ဖော်ပြထားသည်။ UWSA သည် ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မိုင်းပေါက်၊ မိုင်းယန်း၊ ဟိုပန်ဒေသ များတွင် လှုပ်ရှားနေသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ ထို့ပြင် UWSA အပါအ၀င် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အချို့တွင် ကလေးစစ်သားများရှိ နေကြောင်း Unicef က သတင်းထုတ်ပြန် ထားသည်။

Messenger News Journal 

No comments:

Post a Comment