Tuesday 26 May 2015

တရုတ်တွင် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတစ်ခု မီးလောင်ပြီး လူ ၃၈ ဦးထက်မနည်း သေဆုံး

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် သက်ကြီး စောင့်ရှောက်ရေး ဂေဟာတစ်ခု မီးလောင်မှု ဖြစ်ပွားရာ အနည်းဆုံး လူ ၃၈ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

 တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက မေလ ၂၅ ရက် ညပိုင်းက ဟီနန်၌ ဖြစ်ပွားသော မီးလောင် ကျွမ်းမှုအတွင်း နောက်ထပ် လူ ၆ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဖော်ပြသွားသည်။ ယင်းတို့အနက် ၂ ဦးမှာ အခြေအနေဆိုးပြီး ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်းလည်း သိရှိရသည်။

ပင်ဒင်ရှန်မြို့ရှိ ကန်ဂလီယွန်ဟု အမည်ပေးထားသော သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင် မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မသိရသေးဟု ဟီနန်ဒေသ အလုပ်ခွင် လုံခြုံမှု ကြီးကြပ်ရေးဌာနက ပြောကြားခဲ့သည်။

တရုတ်သမ္မတ စီကျင်းပင်သည် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အစွမ်းကုန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ရန် ကျန်းမာရေးနှင့် လုံခြုံရေး ဌာနကို အမိန့်ပေးထားကြောင်း သိရသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာ သက်ကြီး စောင့်ရှောက်ရေး ဂေဟာသည် ပုဂ္ဂလိကပိုင်ဖြစ်ပြီး သက်ကြီးရွယ်အို ၅၁ ဦးကို လက်ခံ စောင့် ရှောက်ထားကြောင်း Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။

သေဆုံးသူများ၏ မိသားစုဝင် အချို့က အလောင်းများသည် ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းနေကြောင်း ဆိုသည်။ “အလောင်းတွေက မီးလောင်ပြီး မည်းတူးကုန်ပြီ။ ဘယ်အလောင်းက ဘယ်သူဆိုတာ ပြောလို့ တောင် မရနိုင်တော့ဘူး”ဟု မျက်မြင်တစ်ဦးက ပြောကြားသွားခဲ့သည်။ 

_Ref: IB Times
7Day DAILY 

No comments:

Post a Comment