Tuesday 26 May 2015

မက္ကစီကိုတွင် အင်အားပြင်း လေဆင်နှာမောင်းတစ်ခု တိုက်ခတ်ပြီး လူ ၁၃ ဦး သေဆုံး

မက္ကစီကို နိုင်ငံရှိ မြို့တစ်မြို့တွင် အင်အားပြင်းထန်သည့် လေဆင်နှာမောင်းတစ်ခု ဝင်ရောက် တိုက်ခတ် ခဲ့ရာ အနည်းဆုံး လူ ၁၃ ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

 မက္ကစီကိုမြောက်ပိုင်း နယ်စပ်မြို့လေး တစ်ခုဖြစ်သည့် ဆီယူဒတ် အေကူနာတွင် မေလ ၂၅ ရက်က လေဆင် နှာမောင်းတစ်ခု ပြင်းထန်စွာ ဝင်ရောက်တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံ၊ တက္ကဆက်စ်ပြည်နယ်နှင့် ထိစပ်နေသည့် ကိုအာဟွိုင်လာ ပြည်နယ်အတွင်းရှိ အဆိုပါ မြို့လေးတွင် လေဆင်နှာမောင်းဒဏ်ကြောင့် နေအိမ် အဆောက်အအုံ ရာနှင့်ချီ ပျက်ဆီးခဲ့ကြောင်းလည်း သိရှိရသည်။

တက္ကဆက်စ် ပြည်နယ်ဘက်တွင်လည်း ဆိုးရွားသည့် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေရာ လူ ၃ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံးနေသည်။ မက္ကစီကိုတွင် တိုက်ခတ်ခဲ့သည့် လေဆင်နှာမောင်းဒဏ်ကြောင့် အဆောက်အအုံများ၊ မော်တော်ကားများ ဆိုးရွားစွာ ထိခိုက် ပျက်စီးခဲ့သလို လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့သည်။ အချို့မှာ ဒဏ်ရာအခြေအနေ အလွန်ဆိုးရွားသောကြောင့် အသေအပျောက်စာရင်း မြင့်တက် လာမည်ကို စိုးရိမ်နေရသည်။

ကိုအာဟွိုင်လာ အုပ်ချုပ်ရေးမှူး ရူဘန် မိုရီရာသည် လေဆင်နှာမောင်းဒဏ် အဆိုးရွားဆုံး ခံစားရသည့် ဧရိယာသို့ သွားရောက် စစ်ဆေးခဲ့သည်။ လေဆင်နှာမောင်းကြောင့် အရွယ်ရောက်ပြီးသူ ၁၀ ဦး၊ ကလေး ငယ် ၃ ဦး သေဆုံးပြီး လူမမယ် ကလေးငယ်တစ်ဦး ပျောက်ဆုံးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဆေးရုံတွင် လူပေါင်း ၁၅၀ ကျော်မျှ ကုသမှု ခံယူနေရကြောင်းလည်း မိုရီရာက ဆိုသည်။

“သေဆုံးသူ အများစုက နေအိမ်အပြင်ဘက် ရောက်နေကြတာပါ။ အိမ်ထဲမှာ ရှိနေတဲ့သူတွေကတော့ အသေအပျောက် မရှိကြဘူး”ဟု ဆီယူဒတ် အေကူနာ မြို့တော်ဝန် အဲဗာရီစတို လီနင် ပီရက်ဇ်က ပြော ကြား ခဲ့သည်။ ယခုဖြစ်ရပ်သည် မြို့ကို စတင်တည်ထောင်ခဲ့သည့် သက်တမ်း နှစ်ပေါင်း ၁၀၀ ကျော် အတွင်း ပထမဆုံးအကြိမ် လေဆင်နှာမောင်း တိုက်ခတ်မှုဟုလည်း မှတ်ချက်ပြုခဲ့သည်။

ကယ်ဆယ်ရေး လုပ်သားများသည် လေဆင်နှာမောင်းကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ အောက်ဘက်တွင် နောက်ထပ် ပိတ်မိသေဆုံးနေသူများ ရှိမရှိ လိုက်လံစစ်ဆေးနေသည်။ “တချို့ ကားတွေဆို သစ်ပင်ပေါ် ရောက်နေတယ်။ လမ်းတွေပေါ်မှာ လူသေအလောင်းတွေ တွေ့ရတယ်။ အခြေအနေ ကတော့ တကယ့်ကို ရှုပ်ရှုပ်ထွေးထွေးပဲ”ဟု မြို့ခံ တစ်ဦးဖြစ်သည့် မာရီယာဒယ်လ် ရိုဆာရီ ရာမီရက်ဇ်က ပြောကြားခဲ့သည်။

မက္ကစီကို သမ္မတ အန်ရီကေးပီနာ နီတိုက သေဆုံးခဲ့ရသူများ၏ မိသားစုများနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲ ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ပြည်သူ့လုံခြုံရေး တာဝန်ရှိသူများက အိုးမဲ့အိမ်မဲ့ ဖြစ်သွားသူများကို ကူညီစောင့်ရှောက်ရန် ယာယီ ရွက်ဖျင်တဲစခန်း ၈ ခုကို အလျင်အမြန် စီစဉ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရ သည်။ 

_Ref: CNN
7Day DAILY 

No comments:

Post a Comment