Tuesday 26 May 2015

မဲရုံဝန်ထမ်း ခန့်အပ်မည့် ဆရာ၊ ဆရာမများကို ရွေးကောက်ပွဲ အသိပညာပေးရေး စတင်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံဝန်ထမ်းများအဖြစ် ခန့်အပ်မည့် ဆရာ၊ ဆရာမများအတွက် ရွေးကောက်ပွဲ အသိပညာပေး လုပ်ငန်းစဉ်များကို စတင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောကြားသည်။

အဆိုပါ မဲရုံမှူးများကို အသိပညာ ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက သင်တန်းများပေးခြင်းကို ယခုမေလအတွင်း စတင်လုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

“အခု တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနိုင်ဖို့ သင်တန်းတွေ စလုပ်နေ တယ်။ သူတို့ကနေ အဆင့်လိုက် မြို့နယ်ကော်မရှင်တွေကို သင်တန်းပေးမယ်။ ပြီးရင် မဲရုံဝန်ထမ်း ခန့်အပ်မယ့်သူတွေကို သင်တန်းတွေပေးမယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် မဲရုံဝန်ထမ်းများ လိုက်နာရမည့် အထွေထွေရွေးကောက်ပွဲလုပ်ငန်း လမ်းညွှန်များကိုလည်း ပေးအပ် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် မဲရုံဝန်ထမ်းများသည် ရွေး ကောက်ပွဲကော်မရှင် ထုတ်ပြန်ထားသော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိမှု အားနည်း သောကြောင့် ပယ်မဲများနှင့် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းများက ဆိုသည်။

“အရင်ရွေးကောက်ပွဲတွေမှာတော့ သူတို့တွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာတွေ အားနည်းတော့ ပြဿနာ တော်တော်တက်ခဲ့တယ်။ တကယ်လိုက်နာရမယ့်ဟာတွေကို မလိုက်နာတာတွေလည်း ရှိခဲ့တယ်။ သူတို့က တကယ်အရေးကြီးဆုံးပဲ” ဟု ဖန်တီးအိမ် ရွေးကောက်ပွဲ စောင့်ကြည့်ရေး အရပ်ဘက်အဖွဲ့အစည်း ဒါရိုက်တာ ဒေါ်ရွှေရွှေစိန်လတ်က ဆိုသည်။

ရွေးကောက်ပွဲ မဲရုံဝန်ထမ်းများ ခန့်အပ်ရာတွင် ပညာရေး ဝန်ထမ်းများနှင့် အများယုံကြည် လေးစားရသူ အစိုးရဝန်ထမ်းများကိုသာ အသုံးပြုရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားသည်။ ဒုတိယအကြိမ် အထွေထွေရွေးကောက်ပွဲကို ယခုနှစ် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းအတွင်း ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ထားသည်။

The Voice Weekly 

No comments:

Post a Comment