Tuesday 24 February 2015

လက်ရှိအစိုးရလက်ထက်၌ နိုင်ငံတကာထောက်ပံ့ငွေ ဒေါ်လာသန်း ၁၄၀၀ ကျော် ရရှိပြီးဖြစ်ကြောင်းနှင့် နိုင်ငံခြားချေးငွေ ဒေါ်လာသန်း ၃၈၀၀ ကျော် ချေးယူရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း စီမံ/စီးပွားဒုဝန်ကြီး ပြောကြား

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော် ၌ ဖြေကြားစဉ်
လက်ရှိ အစိုးရလက်ထက်တွင် စီမံချက် ၂၆ ခုအတွက် နိုင်ငံခြားချေးငွေ ဒေါ်လာ သန်း ၃၈၀၀ ကျော် ချေး ယူရန် ညှိနှိုင်းထားကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက လွှတ်တော်၌ ပြောကြားသည်။

ဖေဖော်ဝါရီ ၂၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ကန်ပက်လက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကို မေးမြန်းသည့် “နိုင်ငံတကာမှ ထောက်ပံ့ငွေများကို လုပ်ငန်းကဏ္ဍအလိုက် မျှတစွာခွဲဝေသုံးစွဲနိုင်ခြင်းနှင့် လေလွင့်ဆုံးရှုံးမှုများ လျော့နည်းပပျောက်အောင် ပြန်လည်စစ်ဆေး ကြပ်မတ်နိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုတိယ၀န်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက “ယခုအစိုးရ လက်ထက်တွင် စုစုပေါင်းစီမံချက် ၂၆ ခုအတွက် ချေးငွေပေါင်း ဒေါ်လာ ၃၈၅၂ ဒသမ ၉၂၈ သန်း ချေးယူရန် ညှိနှိုင်းထားရှိပြီး ဒေါ်လာ ၁၅၀ ဒသမ ၇၃၄ သန်းရရှိပြီး ဖြစ်ပါတယ်” ဟု လွှတ်တော်၌ ပြောကြားသည်။

ထို့ပြင် လက်ရှိအစိုးရ တာဝန်ယူပြီးနောက်တွင် နိုင်ငံတကာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ ၀န်ကြီးဌာနများမှ ရရှိသောစာရင်းအရ အကူအညီ အထောက်အပံ့များမှာ လုပ်ငန်းစီမံချက် ၅၆၂ ခုကို ဒေါ်လာ ၂၉၅၄ ဒသမ ၄၂၁ သန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး ရရှိပြီးပမာဏမှာ ဒေါ် လာ ၁၄၇၁ ဒသမ ၃၂၇ သန်းဖြစ်ကြောင်း ဒေါ်လဲ့လဲ့သိန်းက ဆိုသည်။

ဝန်ကြီးဌာန ၃၀၊ ဗဟိုအဖွဲ့အစည်းနှစ်ခု၊ မန္တလေးစည်ပင်တို့မှ စုစုပေါင်းလုပ်ငန်း စီမံ ချက် ၅၆၂ ခုအနက် လုပ်ငန်းစီမံချက် ၁၆၀ ကို အမေရိကန်ဒေါ်လာ ၂၄၉ ဒသမ ၅၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့ကြောင်း၊ ဆောင်ရွက်ဆဲစီမံကိန်းများ အနေဖြင့် လုပ်ငန်းစီမံချက် ၄၀၂ ခုကို ဒေါ်လာ ၂၇၀၄ ဒသမ ၃၂၇ သန်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အများအားဖြင့် ငွေကြေး အကူအညီထက် နည်းပညာအကူအညီများ ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံခြား အကူအညီ အထောက်အပံ့ဖြင့် ဆောင်ရွက်သော ကဏ္ဍအလိုက် အကူအညီ အထောက်အပံ့ ရရှိမှုမှာ ဆောက်လုပ်ရေး ၁၈ ရာခိုင်နှုန်း၊ ပညာရေး ၁၅ ရာခိုင်နှုန်း၊ ကျန်း မာရေး ၁၂ ရာခိုင်နှုန်း၊ စိုက်ပျိုးရေး ကိုးရာခိုင်နှုန်း၊ အသက်မွေးဝမ်းကျောင်း ကိုးရာခိုင်နှုန်း၊ လူမှုရေး ရှစ်ရာခိုင်နှုန်း၊ ဆက်သွယ်ရေး ခြောက်ရာခိုင်နှုန်း၊ ပို့ဆောင်ရေး ငါးရာခိုင်နှုန်း၊ လျှပ်စစ်လေးရာခိုင်နှုန်း၊ သဘာဝဘေး အန္တရာယ် လေးရာခိုင်နှုန်း၊ စာရင်းအင်း လေးရာခိုင်နှုန်း၊ မွေးမြူရေး နှစ်ရာခိုင်နှုန်း၊ ငွေကြေး နှစ်ရာခိုင်နှုန်း၊ အားကစား နှစ်ရာခိုင်နှုန်း၊ စွမ်းအင်တစ်ရာခိုင်နှုန်းနှင့် ရေရရှိရေး တစ်ရာခိုင်နှုန်း တို့ဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံသို့ ပေးအပ်နေသော အလှူ ရှင် ၂၂ နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း ငါးဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်း ၁၈ ဖွဲ့၊ နိုင်ငံတကာအစိုးရမဟုတ် သော အဖွဲ့အစည်းများ ၁၄၈ ဖွဲ့တို့မှ ကူညီ ပံ့ပိုးနေခြင်းဖြစ်သည်။

“ချေးငွေရယူရာမှာ အကူအညီအထောက်အပံ့နဲ့ မတူဘဲ ပေးသူနဲ့ယူသူ နှစ်ဦးနှစ်ဖက်စလုံးမှာ လုပ်ထုံး လုပ်နည်း များနဲ့ ညှိနှိုင်းဆောင်ရွက်ရမှုများ ရှိတဲ့အတွက် အချိန်ယူရပါတယ်။ ယခင်အစိုးရ လက်ထက်မှာ စတင်ဆောင်ရွက်ခဲ့တဲ့ ချေးငွေပမာဏ တော်တော်များများကို ယခုအစိုးရ လက်ထက်မှသာ ရရှိခဲ့ပါတယ်” ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါ်လဲ့လဲ့သိန်းက ပြောကြားသည်။

မေးခွန်းမေးမြန်းသူ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုက အစိုးရမှ နိုင်ငံတကာ အထောက်အပံ့၊ ချေးငွေများဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်းများသည် ပွင့်လင်းမြင်သာမှုရှိရန်လိုပြီး လေလွင့် ဆုံးရှုံးမှုများ ရှိနေကြောင်း သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

Eleven Media Group 

No comments:

Post a Comment