Tuesday 24 February 2015

စက်ရုံပိတ်ဆို့ ဆန္ဒပြနေသည့် လုပ်သားများကို အရေးယူမည်ဟု အစိုးရ ထပ်မံသတိပေး

လုပ်အားခ တိုးမြှင့်ရရှိရေးအတွက် ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်တို့မှ အလုပ်သမားအချို့က စက်ရုံ ကို ပိတ်ဆို့ကာ ဆန္ဒပြနေကြသည့်အပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနတို့က ဖေဖော်ရီလ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ဥပဒေနှင့် မညီသော အကြမ်းဖက် တောင်းဆိုမှုများ၊ ပိတ်ဆို့ဆန္ဒပြမှုများ အပါအဝင် ရပ်ရွာအေးချမ်း သာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေမည့် လုပ်ရပ်များနှင့် ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုလုပ်သူများအား တည်ဆဲဥပဒေများနှင့်အညီ ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ယင်းသို့ သတိပေးချက်မျိုးကို တစ်ကြိမ် ထုတ်ပြန်ခဲ့သည်။

အလုပ်ရှင်နှင့် အလုပ်သမား အငြင်းပွားမှုများကို တည်ဆဲဥပဒေများနှင့်အညီ ဆက်လက်ညှိနှိုင်း၊ ဖြေရှင်း ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်မှ Red Stone၊ Costec၊ Ford Glory၊ E-Land Myanmar အထည်ချုပ်စက်ရုံများနှင့် တိုင်ရီဖိနပ်စက်ရုံတို့မှ အလုပ်သမား အချို့သည် လုပ်ခတိုးရလိုမှုဖြင့် စက်ရုံကို ဝင်ထွက်မရအောင် ပိတ်ဆို့ခြင်း၊ အလုပ်လုပ်လိုသူများ ဟန့်တားခြင်း၊ စက်ရုံပိုင်ရှင်နှင့် အုပ်ချုပ်ရေး ဝန်ထမ်းများကို စက်ရုံအတွင်း ပိတ်ဆို့ထားခြင်း၊ ပြည်ပအလုပ်ကိုယ်စားလှယ်များကို ပိတ်ဆို့ဟန့်တားခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်ရုံ အဝင်အထွက် လုပ်နိုင်အောင် ဆန္ဒအလုပ်သမားများက လမ်းဖယ်ပေးထားပြီး ဖြစ်ပြီး ဆန္ဒပြ လုပ်သားများမှာ စက်ရုံဘေးတွင်သာ ဆန္ဒပြနေခြင်း ဖြစ်ကြောင်း E-Land Myanmar စက်ရုံမှ အလုပ် သမားတစ်ဦးဖြစ်သူ ဒေါ်မိုးမိုးက ပြောကြားသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် အလုပ်သမား ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ဦးမျိုးမင်းမင်းနှင့် နိုင်ဌေးလွင် တို့ကို ပြန်လွှတ်ပေးမှသာလျှင် ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း ညှိနှိုင်း သဘောတူညီချက်များကြောင့် ဆောင်ရွက်မှုများကြောင့် အလုပ်သမားအများစုမှာ လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နေကြပြီ ဖြစ်သော်လည်း အချို့သော အလုပ်သမားများမှာ E-Land Myanmar အထည်ချုပ်စက်ရုံ ပြင်ပတွင် ဥပဒေမဲ့ စုဝေးနေထိုင်နေဆဲ ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

The Voice Weekly 

No comments:

Post a Comment