Tuesday 24 February 2015

အစိုးရကတိများ အချိန်မီ ပြီးစီးရန်သာမက စံမီရန်ပါ ကြီးကြပ်ဆောင်ရွက် သင့် ဟု လွှတ်တော် ကော်မတီပြော

လွှတ်တော်သက်တမ်း လေးနှစ်တာအတွင်း ပြည်ထောင်စု အစိုးရအဖွဲ့က ဆောင်ရွက်ပါမည်ဟု လွှတ်တော် တွင် ကတိပြုထားသည့် ဒေသဖွံ့ဖြိုးရေးနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိလုပ်ငန်း ၇၂၉ ခု ရှိရာ ၂ဝ၁၅ မတ်လ ၃၁ ရက်အတွင်း (ယခုအစိုးရ လက်ထက်၊ လက်ရှိလွှတ်တော် သက်တမ်းအတွင်း) ပြီး စီးရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အတွက် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ကြပ်မတ်ဆောင်ရွက်ရန် အထူးလိုအပ်ကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

''သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် ဌာနများ၊ အဖွဲ့အစည်းများက ကတိဖြစ်ခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်း ၃,ဝ၁၄ ခုအနက် လုပ်ငန်းပြီးစီးမှု ၁,၇၅၉ ခု ဖြစ်၍ ဆောင်ရွက်ဆဲလုပ်ငန်း ၇၂၉ ခုဖြစ်ပါ တယ်။ အစိုးရက ကတိဖြစ်သောအဆို ၇၉ ခုအနက် ၆၈ ခုပြီးစီးခဲ့၍ ဆောင်ရွက်ဆဲ အဆို ၁၁ ခုရှိပါတယ်'' ဟု ထိုကော်မတီက ဖေဖော်ဝါရီ ၂၃ ရက် ပြည်သူ့လွှတ်တော် ၁၂ ကြိမ်မြောက် အစည်းအဝေး ၂ဝ ရက် မြောက်နေ့အစီအစဉ်တွင ပြောကြားသည်။

ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီသည် ပြီးခဲ့သည့် ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် ပထမပုံမှန်မှ ဒသမပုံမှန် အစည်းအဝေး အထိ ကြယ်ပွင့်ပြမေးမြန်းခဲ့သည့် မေးခွန်းများနှင့် အဆိုများအနက် မပြီးပြတ်သေးသည့် လုပ်ငန်းများ၊ တတိယ ပုံမှန်မှ ဒသမပုံမှန်အထိ ကြယ်ပွင့်မပြ မေးမြန်းခဲ့သည့် မေးခွန်းများမှ မပြီးပြတ်သေးသည့် လုပ်ငန်းများနှင့် ၁၁ ကြိမ်မြောက် အစည်းအဝေးတွင် ကြယ်ပွင့်မပြ စာဖြင့်မေးမြန်းခဲ့သည့် မေးခွန်းများနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဌာနများ၏ နောက်ဆုံးဆောင်ရွက်ချက်များကို စိစစ်ပြီး အစိုးရ၏ လုပ်ငန်းအကောင်အထည်ဖော်မှုကို ထိန်းညှိရန်နှင့် ဆောင်ရွက်ပြီးစီးမှုများအား ပုံမှန်အစည်းအဝေးသို့ တင်ပြရန် ရည်ရွယ်လျက် ယခုကဲ့သို့ လွှတ်တော်သို့ တင်ပြရခြင်းဖြစ်ကြောင်းလည်း ကော်မတီ၏ အစီရင်ခံ စာတွင် ဖော်ပြပါရှိသည်။

အစိုးရအဖွဲ့ လုပ်ဆောင်ချက်များ၏ နောက်ဆုံးအခြေအနေများကို အစီရင်ခံစာ၌ အပိုင်းလေးပိုင်းခွဲ၍ ပြုစု တင်ပြထားရာ ပထမပိုင်းတွင်''ပြည်သူ့လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလ (၁၁-၉- ၂ဝ၁၄ မှ ၂၈-၁၁-၂ဝ၁၄) ၌ လွှတ်တော်တွင်း မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်း ၁၇၁ ခုအနက် ကတိဖြစ် ခဲ့သော မေးခွန်း ၃ဝ မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ ဆောင်ရွက်ပြီး လုပ်ငန်းတစ်ခု၊ မပြီးပြတ်သေးသော လုပ်ငန်း ၂၉ခုရှိကြောင်း၊ ၎င်း ၂၉ ခုတွင် ၂ဝ၁၄-၁၅တွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁၃ ခု၊ ၂ဝ၁၅-၁၆ နှင့် နောက် ပိုင်းကျမှ ဆောင်ရွက်ပေးမည့်လုပ်ငန်း ၁၆ ခုရှိကြောင်း၊ တင်သွင်းခဲ့သည့်အဆို ခြောက်ခုမှ အတည်ပြုအဆို သုံးခုအနက် ဆောင်ရွက်ပြီးတစ်ခုနှင့် ဆောင်ရွက်ရန် ကျန်အဆိုနှစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားသည်။

အပိုင်း (၂) တွင် ပြည်သူ့လွှတ်တော် ပထမပုံမှန်မှ ဒသမပုံမှန်အထိ ကြယ်ပွင့်ပြ ကတိဖြစ်ခဲ့သော မေးခွန်း ၇၉ဝ ခု အနက် ပြီးစီးခဲ့သည့် မေးခွန်း ၅၆၄ ခု၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ဆဲ ၁၄၆ ခု၊ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်နောက်ပိုင်း ဆောင်ရွက်မည့် လုပ်ငန်း ၈ဝ ခု၊ မပြီးပြတ်သေးသော မေးခွန်း ၂၂၆ ခု နှင့် အတည်ပြုခဲ့သော အဆို ၇၉ ခုအနက် ပြီးစီးသည့်အဆို ၆၈ ခု၊ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဆောင်ရွက်ဆဲ အဆို ၁၁ ခု၊ မပြီးပြတ်သေးသောအဆို ၁၁ ခု ကျန်ရှိကြောင်း အသေးစိတ် ဖော်ပြခဲ့သည်။

ထို့အတူ အပိုင်း (၃) တွင် တတိယပုံမှန် မှ ဒသမပုံမှန် အစည်းအဝေးများအတွင်း ကြယ်ပွင့်မပြ မေးခွန်းများ အနက် ကတိဖြစ် ခဲ့သော မေးခွန်း ၂,၂၂၄ ခုတို့တွင် ၁၁၉၅ ခုသာ ပြီးစီးခဲ့ရာ ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် တွင် ဆောင်ရွက်ဆဲ ၅၈၃ ခု၊ ၂ဝ၁၅-၁၆ ဘဏ္ဍာနှစ်နောက်ပိုင်းတွင် ဆောင်ရွက်မည့် လုပ်ငန်း ၄၄၆ ခု၊ မပြီးပြတ် သေးသည့်လုပ်ငန်း ၁,ဝ၂၉ ခုတို့ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဌာ နများ၏ ဆောင်ရွက်နေမှု အခြေအနေများကို ဖော်ပြထားသည်။

အပိုင်း (၄) တွင်မူ ပြီးခဲ့သည့် ပြည်သူ့ လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်း ၆၃၄ ခု အနက် ကတိဖြစ်မေးခွန်း ၁၇၁ ခုနှင့်ပတ်သက်၍ ပြည်ထောင်စအဆင့်ဌာနများ၏ စာဖြင့် ဖြေကြားချက် များကို ပူးတွဲဇယားများဖြင့် တင်ပြထားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment