Tuesday 24 February 2015

မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ပါ ပြစ်မှုများကို ရဲအရေးပိုင်ပြစ်မှုများဟု ကော်မတီဖြည့်စွက်

မြန်မာဗုဒ္ဒဘာသာဝင် မိန်းမများအထူး ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းတွင် ဥပဒေပါပြစ်မှုများကို ရဲအရေး ပိုင်ပြစ်မှုများအဖြစ် မှတ်ယူရမည်ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဖြည်စွက်လိုက်သည်။

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ပေါက်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို က ''ဒီဥပဒေ ကြမ်းမှာပါတဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ရဲကို တိုင်ရင်အရေးမယူဘဲ တရားရုံးကို ဦးတိုက်လျှောက်ပါ လုပ်လို့မရအောင်၊ ဒီဥပဒေကလည်း အထူးဥပဒေဖြစ်တဲ့အတွက် အခုလိုဖြည့်စွက် လိုက်တာပါ'' ဟု တယ်လီဖုန်းမှ တစ်ဆင့် ဖြေကြားသည်။

ပျဉ်းမနားမြို့မှ ရှေ့နေကြီး ဦးခင်မောင်ဇော်က တရားရုံးမှ ဝရမ်းမပါဘဲ ဖမ်းနိုင်သည့်အမှုများကို ယေဘုယျ အားဖြင့် ရဲအရေးပိုင်သည့် အမှုသတ်မှတ်သည်ဟု ပြောသည်။

ဥပဒေကြမ်းကော်မတီက ပုဒ်မ ၃၂ တွင် ပုဒ်မ ၁၁ နှင့် ပုဒ်မ ၁၃ အရ ကန့်ကွက်ခြင်းသည် သဘောရိုးနှင့် ကန့်ကွက်ခြင်း မဟုတ်ဟု တရားရုံးက စစ်ဆေးပေါ် ပေါက်လျှင် ကန့်ကွက်သူကို ကျပ်ငါးသိန်းထက်မပို သည့် ဒဏ်ငွေပေးဆောင်စေရန် အမိန့်ချမှတ်နိုင်သည်ဟု လည်းကောင်း၊ ဗုဒ္ဓဘာသာဝင်မဟုတ်သော ယောက်ျားသည် ပုဒ်မ ၂၉ ပုဒ်မခွဲ (င) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရ လျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု လည်းကောင်း ၊ ပုဒ်မ ၃၆ တွင် မည်သူမဆို ဤဥပဒေအရ သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် မဟုတ်မမှန်သည် လည်းဖြစ်၍ မဟုတ်မမှန်ဟု မိမိသိသည်လည်းဖြစ်သော သို့မဟုတ် ယုံကြည်သည် လည်းဖြစ်သော ဖော်ပြ ချက်ကိုသော်လည်းကောင်း၊ သက်သေခံ လက်မှတ်ကိုသော်လည်းကောင်း ပြုလုပ် လျှင် သို့မဟုတ် လက်မှတ်ရေးထိုးပြီးလျှင် သို့မဟုတ် မှန်ကန်ကြောင်း သက်သေခံလျှင် ထိုသူကို သုံးနှစ် အထိ ထောင်ဒဏ်ဖြစ်စေ ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုလည်းကောင်း ဥပဒေ ကြမ်း ကော်မတီက ပြင်ဆင်ထားသည်။

ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက ဖေဖော်ဝါရီလ ၂၇ ရက်နောက်မကျစေဘဲ စာရင်းပေးသွင်းရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကြေညာသည်။

Mizzima - News in Burmese 

No comments:

Post a Comment