Tuesday 24 February 2015

မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်နှင့် ကွမ်းလုံဒေသ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ငါးသောင်းကျော်အထိ ရှိနေ၊ ကြက်ခြေနီယာဉ်တန်းများ ပစ်ခတ်ခံရပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား

စစ်ဘေးဒုက္ခသည်များအတွက် ရည်ရွယ်ပြုလုပ်ပေးထားသော ကွဲကွာ မိသားစုများ သတင်းစကားချန် ထားရန် ကြေညာသင်ပုန်းကို ကြည့်ရှု နေသူတစ်ဦး (ဓာတ်ပုံ-ထွန်းနေလှိုင်)
မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံဒေသများတွင် တိုက်ပွဲများကြောင့် ဖေဖော်ဝါရီ ၂၃ ရက်အထိ စစ်ဘေးဒုက္ခသည် အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိလာပြီဖြစ်ပြီး လောက်ကိုင်မြို့ တွင် ကယ်ဆယ်ရေး လုပ်ငန်းတွေများကို လုံးဝ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း လောက်ကိုင်ဒေသအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူများထံမှ သိရသည်။


စစ်ဘေးဒုက္ခသည် အရေအတွက် ငါးသောင်းကျော်အထိ ရှိလာ

မော်ထိုက်၊ ကုန်းကြမ်း၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကွမ်းလုံဒေသများတွင် တိုက်ပွဲများကြောင့် စစ်ဘေး ဒုက္ခသည် အရေအတွက်မှာ ငါးသောင်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်ကိုင်နေသူ များထံမှ သိရသည်။

လားရှိုးမန်ဆူရှမ်းကျောင်း ဆရာတော် အရှင်ပုညနန္ဒက “ဒီကနေ့အထိ တစ်သောင်းကျော်ရှိသွားပြီ အဲဒါ ဘုန်းကြီးတို့ တစ်ကျောင်းပဲ ရှိသေးတာ။ ကျန်တာနဲ့ ကယ်ဆယ်ရေးတွေ အားလုံးစုလိုက်ရင် ငါးသောင်း လောက်ရှိမယ်” ဟု မိန့်ကြားသည်။
ကျောင်းဆရာ၊ ဆရာမများအား ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းက နေရပ်ပြန်ရန် လားရှိုးမြို့ အ.ထ.က(၁)တွင် စောင့်ဆိုင်းနေသည်ကို တွေ့ရစဉ်။

“ချင်းရွှေဟော်ကနေ ကယ်ဆယ်ပေးခဲ့တဲ့ အလုပ်သမားတွေရော အစိုးရဝန်ထမ်းတွေရော ပေါင်းလိုက်ရင် သုံးသောင်းဝန်ကျင် လောက်ရှိတယ်” ဟု လောက်ကိုင်ဒေသ၌ တိုက်ပွဲများစတင် ဖြစ်ပွားစဉ်ကတည်းက ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ မချစ်မီးက ပြောကြားခဲ့သည်။

ထို့ပြင် လားရှိုးမြို့ မန်ဆူအောက်ဂိတ်မှ တာဝန်ရှိသူတစ်ဦးက “စဖြစ်ဖြစ်ချင်း ဆင်းလာတဲ့ အရေအတွက်က တစ်သောင်းလောက် ရှိတယ်။ အဲဒါကို စုပေါင်းအလှူနဲ့ နီးစပ်ရာ ဒေသတွေ မန္တလေးမြို့တွေကို ပို့ပေး တာပေါ့။ အခုဆို နှစ်သောင်းလောက်ရှိပြီ” ဟု ပြောကြားခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီ ၂၁ ရက်က လောက်ကိုင်မှ ခြေကျင်ဆင်းလာသည့် စစ်ရှောင်သူ ၁ဝဝ ကျော်မှ လမ်းတစ်ဝက်တွင် ကယ်ဆယ်ရေး အဖွဲ့များနှင့် အဆက်အသွယ် ရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ချင်းရွှေဟော်သို့ မရောက်သေး ဘဲ အဆက်အသွယ် ပြတ်တောက်နေကြောင်းလည်း ကယ်ဆယ်ရေး အဖွဲ့များက ပြောကြားခဲ့သည်။

“မိုင် ၂ဝ ဝန်းကျင်လောက်ရှိတဲ့ ခရီးက အခုနှစ်ရက်ဖြစ်နေပြီး ဘယ်သူမှမရောက်လာသေးဘူး။ အဲဒီနေ့က လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားမှာတော့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်တယ်။ ကျွန်မတို့ကြားတာတော့ သုံးယောက် သေပြီး ၁၃ ယောက် ဒဏ်ရာရတယ်လို့ သိရတယ်။ ကျန်တဲ့သူတွေက နီးစပ်ရာရွာတွေမှာ ပုန်းနေနိုင်တာဖြစ်မယ်။ တပ်မတော်ကို ပြောလိုက်ရင်လည်း သူတို့သွားကယ်ရင် တိုက်ပွဲတွေထပ်ဖြစ်ပြီး ကြားထဲကသူတွေ အပစ်ခံရနိုင်တယ်။ ကျွန်မတို့ သွားကယ်လည်း ထပ်ပစ်ခံရနိုင်တဲ့ အခြေအနေတွေ ဖြစ်နေတယ်” ဟု မချစ်မီးက ပြောကြားသည်။

ထို့ပြင် တရုတ်နိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေသော ကြံခုတ်လုပ်သား ၁၈ဝ ကျော်ကို မကြာမီ ကယ်ထုတ် နိုင်မည်ဟုလည်း ကယ်ဆယ်ရေးအဖွဲ့များက ပြောကြားခဲ့သည်။

ထို့ပြင် လောက်ကိုင်ဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် ကြက်ခြေနီယာဉ်တန်းအား သုံးကြိမ်ပစ်ခတ် တိုက်ခိုက်ခံရမှုကြောင့် လောက်ကိုင်မြို့သို့ ကယ်ဆယ်ရေးသွားရောက်မည့် အစီအစဉ်များ ဖျက်သိမ်းလိုက်ကြောင်း ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြား ခဲ့သည်။

“စစ်တပ်ကိုလည်း အကူအညီတောင်းရတော့ ကိုယ့်ကြောင့် တိုက်ပွဲတွေဖြစ်လာတော့ မကောင်းဘူး။ နောက်ပြီး ဟိုဘက်က လူမှန်း သူမှန်း မသိကြတော့ အခက်အခဲ တော်တော်ဖြစ်ရတယ်။ အဲဒါကြောင့် ကယ်ဆယ်ရေးကိစ္စကို ရပ်နားလိုက်တာပါ” ဟု ကယ်ဆယ်ရေးအဖွဲ့မှ မချစ်မီးက ပြောကြားခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု တိမ်းရှောင်ရင်း မိသားစုများကွဲကွာ

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်များကြောင့် လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက် မြို့နယ်တို့တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော နိုင်ငံ့ဝန်ထမ်းများ၊ ၎င်းဒေသတစ်ဝိုက်နှင့် တရုတ်နယ်စပ် တစ်ဝိုက်တို့တွင် ကြံခုတ်လုပ်ငန်း သွားရောက်လုပ်ကိုင်ကြသည့် နေ့စားအလုပ်သမားများ၊ ပန်းရန်လုပ်သူများ မိမိနေရပ်ဒေသများသို့ ပြန်ကြရာ တိုက်ပွဲများရှောင်ရင်း မိသားစုကွဲကွာလာမှုများလည်း ရှိနေကြောင်း သိရသည်။

စစ်ဘေးဒုက္ခသည် မိသားစုတစ်စုကို လားရှိုးမြို့တွင် တွေ့ရစဉ်

“ကျွန်မရဲ့သားလေးတစ်ယောက် လောက်ကိုင်မှာ ကျန်ခဲ့တယ်။ သားကလောက်ကိုင်မှာ သုံးဘီးဆိုင်ကယ် မောင်းတယ်လေ။ တိုက်ပွဲတွေဖြစ်တော့ အမေအရင်သွားနှင့် သားအိမ်က ပစ္စည်းတွေစောင့်ရင်း နေခဲ့ မယ် လို့ ပြောတယ်။ ခုလောက်ကိုင်မှာက ဘယ်သူမှမရှိတော့ဘူး ဆိုတော့ သားကဒီကိုခုထိလည်း ရောက်မလာ သေးဘူး။ အဲဒါ လောက်ကိုင်က ပြန်လာတဲ့သူတွေကို မေးတော့လည်း မတွေ့ဘူးလို့ပြော တယ်။ ဒါကြောင့် လားရှိုးမှာစောင့်နေတာ” ဟု လောက်ကိုင်မှပြန်လာသူ ဒေါ်အေးမြင့်က ပြောကြားသည်။

လောက်ကိုင်ဒေသ တိုက်ပွဲဖြစ်စဉ်များကြောင့် နေရပ်ပြန်လာသူများတွင် မိသားစုများ၊ ဆွေမျိုးသားချင်းများ၊ အတူတူ အလုပ်သွားရောက် လုပ်ကိုင်ကြသူများ အဖော်ကွဲလာကြသူများ အများအပြား ရှိနေရာ လားရှိုးမြို့ မန်ဆူရှမ်းကျောင်းတွင် စုံစမ်းဆက်သွယ်နိုင်ရန် ကြော်ငြာဘုတ်တွင် စာများရေးသား ထားခဲ့ကြကြောင်း သိရသည်။

တိုက်ပွဲဖြစ်စဉ်များကြောင့် နေရပ်ပြန်ကြသူ အများအပြား လားရှိုးသို့ ရောက်ရှိလာနေဆဲဖြစ်ရာ ဖေဖော်ဝါရီ ၂၂ ရက်ထိ သက်ဆိုင်ရာနှင့် စေတနာရှင်များ၏ စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် နေရပ်ပြန်ကြသူ ၁ဝ၃၂၃ ဦး ရှိသွားပြီဖြစ်ပြီး ၎င်းစာရင်းမှာ နိုင်ငံ့ဝန်ထမ်းများနှင့် မိမိအစီအစဉ်ဖြင့် နေရပ်ပြန်ကြသူများ မပါဝင်ကြောင်း သိရသည်။

လောက်ကိုင်ဒေသ စာမေးပွဲများ မေလတတိယပတ်တွင် ဖြေဆိုနိုင်ရန် စီစဉ်

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ကုန်းကြမ်း၊ မော်ထိုက်မြို့နယ်များတွင် တာဝန် ထမ်း ဆောင်လျက်ရှိကြသော ပညာရေးဝန်ထမ်းများဖြစ်ကြသည့် ကျောင်းဆရာ၊ ဆရာမများသည် လားရှိုးမြို့မှ တစ်ဆင့် မိမိနေရပ်များဆီသို့ ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြန်ကြပြီဖြစ်ကြောင်း သိရသည်။

“ကျောင်းဆရာ၊ ဆရာမတွေကို သူတို့ရဲ့နေရပ်တွေဆီကို ပြန်ဖို့ခွင့်ပြုလိုက်ပါပြီ။ သူတို့တစ်တွေကို မေ ၁၅ ရက်  ပြန်ပြီးခေါ်ထားပါတယ်။ စာမေးပွဲတွေကို မေလတတိယပတ်လောက်မှာစစ်ဖို့ ရည်မှန်းထားပါတယ်” ဟု ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံး (ရုံးခွဲ) လားရှိုးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ကျောင်းဆရာ၊ ဆရာမများအား ပြန်လာရမည့်နေ့ရက်အား မှာကြားထားပြီးဖြစ်ပြီး အချိန်နီးကပ်ပါကလည်း နီးစပ်ရာပညာရေး ရုံးများမှတစ်ဆင့် အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

ကျဆုံးခဲ့သည့် အရာရှိစစ်သည်များ၏ အရိုးပြာအိုး ဂူသွင်းအခမ်းအနားအား ကျင်းပနေစဉ်

ကိုးကန့်ဒေသတွင်း ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြန်လာကြသည့် ကျောင်းဆရာ၊ ဆရာမများအား လားရှိုးမြို့၊ အ.ထ.က (၁) တွင် တည်းခိုနေထိုင်ရန် စီစဉ်ပေးခဲ့ပြီး ယခုအခါ မိမိနေရပ်များသို့ ကိုယ်စီပြန်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ နေရပ်ပြန်ကြမည့် ကျောင်းဆရာ၊ ဆရာမများတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) လေးဦး၊ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် ၁၆ ဦး၊ မကွေးတိုင်း ၁၂၁ ဦး၊ မန္တလေး ၈၅ ဦး၊ စစ်ကိုင်း ၆၉ ဦးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း ၃၄ ဦး စုစုပေါင်း ၃၂၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ကျဆုံးသွားသည့် အရာရှိများနှင့် စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသည့် အခမ်းအနား လားရှိုးတွင် ကျင်းပ

ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ တိုက်ပွဲများအတွင်း နိုင်ငံအတွက် အသက် ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ အရိုးပြာအိုးများအား ဂူသွင်းသည့် အခမ်းအနားကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁ နာရီက လားရှိုးမြို့၊ မြို့ရှောင်လမ်းအနီး၊ အညတရစစ်သည် ဗိမာန်တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တပ်မတော်မှ တာဝန်ရှိသူများ၊ တပ်နယ်အသီးသီးမှ အရာရှိများ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပညာရေးကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ကျဆုံးစစ်သည်များ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

နိုင်ငံအတွက် စစ်ရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူခဲ့ရသည့် အရာရှိများနှင့် စစ်သည်များ၏ အရိုးပြာအိုးအား ဂူသွင်းသည့် အခမ်းအနားသို့ တက်ရောက်လာကြသူများက လွမ်းသူ့ပန်းခွေများ ချခဲ့ကြပြီး ကျဆုံးအရာရှိများနှင့် စစ်သည်များ၏ အရိုးပြာအိုးများအား စစ်အခမ်းအနားဖြင့် ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။

Eleven Media Group 

No comments:

Post a Comment