Tuesday 24 February 2015

ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟုဆို

မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက်နှင့် ၂၂ ရက်တို့၌ တရုတ်နိုင်ငံအလံ၊ စတစ်ကာနှင့် နံပါတ် တပ်ကားများ မောင်းနှင်မှုကို Facebook စာမျက်နှာတစ်ခုတွင် တွေ့ရစဉ်
ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှာမျှ မရှိသော အခြားနိုင်ငံမြို့တော်အထိ တရုတ်အလံ၊ စတစ်ကာနှင့် နံပါတ်တပ်ကားများ မောင်းနှင်မှုမှာ နယ်စပ်ကညနသို့ အကြောင်းကြား၍ ခွင့်ပြုခဲ့ခြင်းဟု တာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။

မန္တလေးမြို့တွင် ဖေဖော်ဝါရီ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် တရုတ်နိုင်ငံအလံ၊ စတစ်ကာနှင့် နံပါတ်တပ် ကားများ မောင်းနှင်မှုများသည် မူဆယ်-မန္တလေး နိုင်ငံခြားသားသီးသန့် ယာဉ်လိုင်းပြေးဆွဲရန် လာရောက် လေ့လာခြင်းဖြစ်ကာ ၎င်းတို့သည် သက်ဆိုင်ရာ နယ်စပ်ကညနသို့ အကြောင်းကြားခဲ့ကြောင်း အမှတ် (၁၁) ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကားများမှာ ခရီးသွားကုမ္ပဏီတစ်ခု၏ အစီအစဉ်ဖြင့် မန္တလေးမြို့တွင် တရုတ်နိုင်ငံသား ၂၇ ဦး လိုက်ပါ လာခဲ့သော ကားများဖြင့် မြို့တွင်း၌ လှည့်လည်သွားလာ ခဲ့ခြင်းဖြစ်သည်။

“တရုတ်စာနံပါတ်နဲ့ကားတွေ လာရောက်တယ်ဆိုတာ မူဆယ်-မန္တလေး နိုင်ငံခြားသား သီးသန့်ယာဉ်လိုင်း ပြေးဆွဲဖို့ လာရောက်လေ့လာတယ်လို့ နောက်မှသိရတာပါ။ နယ်စပ်ကညနကို အကြောင်းကြားခဲ့ပေမယ့် ကျွန်တော် တို့ မန္တလေး ယာဉ်ထိန်းတပ်ဖွဲ့ကို ကြိုတင်သတင်း ပေးဖို့ခြင်းတော့ မရှိခဲ့ဘူး” ဟု အမှတ် (၃) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး အောင်ကိုဦးက ပြောကြားသည်။

အဆိုပါ ယာဉ်များ မန္တလေးမြို့အတွင်း သွားရောက်နေမှုကို ချမ်းအေးသာစံမြို့နယ်မှူး၊ ကုန်းလမ်း ပို့ဆောင်ရေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကားများတွင် စတစ်ကာ၊ တရုတ်အလံနှင့် နံပါတ်များ တပ်ဆင်ထားမှု ရည်ရွယ်ချက်ကို မေးမြန်းခဲ့ရာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရည်ရွယ်ကာ နယ်စပ်မှာ ကတည်းက တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုကဲ့သို့ သွားလာနေပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပွားနိုင်သဖြင့် စတစ်ကာများ ပြန်လည်ဖြုတ်ပေးရန် တာဝန်ရှိသူများ၏ မေတ္တာရပ်ခံမှုကို လက်ခံကာ အားလုံးဖြုတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယင်းအဖွဲ့သည် မန္တလေးမြို့အတွင်း လမ်းပန်းဆက်သွယ်ရေး အခြေအနေကို လာရောက်လေ့လာရာတွင် နယ်စပ်ကညနသို့ အကြောင်းကြား ဝင်ရောက်ခဲ့သော်လည်း မြန်မာပြည်အတွင်းသို့ ဝင်ရောက်ရာတွင် တရုတ်စာ၊ နံပါတ်၊ အလံ၊ စတစ်ကာများ ဖြုတ်ရန် ညွှန်ကြားခဲ့မှုကို မလိုက်နာဘဲ မောင်းနှင်ခဲ့ခြင်းဖြစ် သည်ဟု စစ်ဆေးရာတွင် ပါဝင်ခဲ့သော အရာရှိကြီးတစ်ဦးထံမှ သိရသည်။

ထိုသို့ တရုတ်နိုင်ငံအလံနှင့် စတေကာများ ကပ်ထားသည့် တရုတ်နိုင်ငံ နံပါတ်တပ်ကားများဖြင့် မြို့တွင်းသို့ လှည်လည်မှုများ ပြုလုပ်ခဲ့သည်ကို မန္တလေးမြို့ဒေသခံများက ဝေဖန်ခဲ့ကြသည်။

“ကျွန်တော်တို့ ဘက်ကလည်း တရုတ်ဘက်ကို မူဆယ်လမ်းကြောင်းကနေ သွားနေကြတာပဲ။ ဘယ်မှာ ကားဝင်လို့ ရလို့လဲ။ ဘယ်ကားမှ ဝင်လို့မရဘူး။ သူတို့ အစိုးရက သူတို့လူမျိုး၊ သူတို့နိုင်ငံကို တန်ဖိုးထား တယ်။ ကျွန်တော်တို့နိုင်ငံ အစိုးရကတော့ တန်ဖိုးထားရော ထားရဲ့လားလို့ မေးခွန်းထုတ်စရာပဲ။ အစိုးရ ခွင့်ပြုပေးလို့ ဝင်လာလို့ရတာပေါ့။ ပြီးစလွယ် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့မှ မရတာ။ ပြည်ထောင်စု အဆင့် ဝန်ကြီးကတောင် တရုတ်ကို ကြောက်ရပါတယ်။ ပြောသေးတာ တိုင်းဒေသကြီး အစိုးရ အနေနဲ့ အခုလိုဖြစ်ရပ်တွေကို ဘာများလုပ်နိုင်မှာလဲ။ အချုပ်အခြာအာဏာကို ကိုယ့်အစိုးရ ကိုယ်တိုင် က ထိန်းသိမ်းသင့်တာ။ ပြည်သူမှာက လုပ်ပိုင်ခွင့်အာဏာ မရှိတော့ အခုကိစ္စမှာတော့ စိတ်မကောင်း မခံချင်ရုံကလွဲလို့ ဘာမှမလုပ်နိုင်ဘူး။ အစိုးရရဲ့ ညံ့ဖျင်းမှုလို့ပဲ ပြောချင်ပါတယ်” ဟု မန္တလေးမြို့ခံ ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ပြောကြားသည်။

ပြီးခဲ့သည့် ရက်များအတွင်းက ရှေးဟောင်းမော်တော်ယာဉ်များဖြင့် လည်ပတ်နေသော လေးနိုင်ငံဖြတ် ကျော် လေ့လာရေးအဖွဲ့ မြဝတီမြို့မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ဖြတ်သန်းရာတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ခရီးသွားလုပ်ငန်း တာဝန်ခံမှ ယာယီဖြတ်သန်းခွင့် လျှောက်ထားချက်အရ ကုန်းလမ်းပို့ဆောင်ရေး ကညနမှ ယာယီဖြတ်သန်းခွင့် (ဝှီး တတ်) ကတ်ပြား ထုတ်ပေးခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ယာယီဖြတ်သန်းပြီးပါက ရန်ကုန်ကညနရုံးသို့ ယာယီမှတ်ပုံတင်ခွင့် လက်မှတ်အား ပြန်အပ်ရမည် ဖြစ်ကြောင်းလည်း သိရသည်။

သို့ပါ၍ယခုကဲ့သို့ မန္တလေးမြို့တွင် တရုတ်နိုင်ငံအလံနှင့် စတစ်ကာများ ကပ်ထားသည့် တရုတ်နိုင်ငံ နံပါတ်တပ်ကားများ လှည့်လည်သွားလာခြင်းကို ခွင့်ပြုခဲ့ခြင်းနှင့်ပတ်သက်၍ မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည် ဆိုသည်ကို မသိရှိရသေးပေ။

Eleven Media Group 

No comments:

Post a Comment