Tuesday 24 February 2015

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရ

ထိုင်းနိုင်ငံ၊ ကော့စမွီကျွန်းတွင် အသက်(၁၈)နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ် ခံရကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၂၂ ရက် ညနေ  တွင် မုဒိမ်းကျင့် သတ်ဖြတ်ခံရ ခြင်းဖြစ်ပြီး အလောင်းကို ကော့စမွီကျွန်း View  Point တွင် ဖေဖော်ဝါရီ ၂၃ ရက်  နံနက်က တွေ့ရှိခဲ့ကြောင်း ကော့စမွီကျွန်းရှိ ရခိုင်စာပေအသင်းမှ ကိုမိုက်ကယ်က ပြောကြားသည်။

‘‘မနေ့က ညနေ ၅ နာရီ လောက်က သူ့သူငယ်ချင်းတွေနဲ့ အပြင်ကို မုန့်သွား စားကြတယ်။ ပြန်အလာမှာ ညနေ ၆ နာရီ လောက်မှာ ဖုန်းတစ်ခုဝင်လာလို့ ပြန်သွားတာမှာ ပြန်မလာတော့တာပဲ။ သူ့သူငယ်ချင်း တွေက လည်း ဒီနေ့ နေ့လယ် ၁ နာရီ လောက်မှ သိတာ။ မနက်က ViewPoint နားမှာ အလောင်း ကို တွေ့ တာ။ ရဲတွေက ၉ နာရီလောက်မှ အလောင်းကို လာကောက် တယ်။အဲဒီနားကို ကျွန်တော်တို့ သွားလို့ မရဘူး။ အဝေးကနေပဲမြင်ရတာ’’ ဟု ကိုမိုက်ကယ်ကပြောသည်။

သေဆုံးသူအမျိုးသမီးသည် မွန်ပြည်နယ်၊ဘီလူးကျွန်းဇာတိ ဖြစ်ပြီး လက်ရှိလုပ်ကိုင်နေသော အလုပ်တွင် ရှစ်ရက်သာရှိသေး ကြောင်း ကိုမိုက်ကယ်က ဆို သည်။ ကော့စမွီကျွန်းတွင် မြန်မာ အမျိုးသမီးတစ်ဦး အသတ်ခံရ သည့်အကြောင်းကို ဘန်ကောက် ပို့စ်သတင်းဌာနကလည်း ဖေဖော် ၀ါရီ ၂၃ ရက် ညနေ၌ ဖော်ပြခဲ့သည်။

‘‘သူ့မှာယောက်ျားရှိတယ်လို့ သိရတယ်။ သူ့သူဌေးကတော့ အမှုဖွင့်မယ်လို့ပြောတယ်။ ကျွန် တော်တို့လည်း အခုမှ အမှုအတွက် လုပ်ကိုင်နေတုန်း။ တရားခံကတော့ မမိသေးပါဘူး’’ဟုကို မိုက်ကယ်က ဆက်လက် ပြောကြားသည်။

ကော့စမွီကျွန်းသည် ထိုင်း နိုင်ငံသို့ လာရောက်သည့် ကမ္ဘာ့လှည့်ခရီးသွား များအား ဆွဲဆောင်သော အပန်း ဖြေနိုင်သည့် ကျွန်း တစ်ကျွန်းဖြစ်သည်။

လိပ်ကျွန်း လူသတ်မှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားနှစ်ဦးကိုလည်း အဆိုပါကျွန်းရှိ ထောင်တွင် ထားပြီး ရုံးချိန်းရုံးထုတ်များကို ထိုကျွန်း၌ ပြုလုပ်နေသည်။

7Day DAILY

No comments:

Post a Comment