Saturday 25 October 2014

လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမ၀ါယမ ၀န်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက် စာရင်းတွင် ထည့်သွင်း တောင်းခံ လာခြင်းကို ပယ်ဖျက်ပေးရန် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

လွှတ်တော်မှ ခွင့်ပြုချက်မရသေးသည့် သမဝါယမဝန်ကြီးဌာန၏ တရုတ်နိုင်ငံ China Exim Bank ချေးငွေအား ထပ်တိုးဘတ်ဂျက်စာရင်းတွင် ထည့်သွင်းတောင်းခံလာခြင်းကို ပယ်ဖျက်ပေးရန် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များက ဆွေးနွေးသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက နေပြည်တော်တွင် အောက်တို ဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်း အဝေး တွင် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရေး ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောများနှင့် ပတ်သက်၍ ဆွေးနွေး ရာတွင် ထည့်သွင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“ပထမဦးစွာ သမဝါယမဝန်ကြီးဌာနက ကျွန်တော်တို့ ဒသမအကြိမ်မြောက် ၁၂ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာလည်း Daedong Co.Ltdနဲ့ သန်း ၁ဝဝ ချေးဖို့ကိစ္စ တင်ပြတဲ့အခါမှာ ဈေးကွက်စီးပွားရေးစနစ်နဲ့ မကိုက်ညီဘူးဆိုပြီးတော့ ကန့်ကွက်ခဲ့ကြပါတယ်။ အတည်မပြုခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ ဖြည့်စွက်ရန်ပုံငွေမှာ ထပ်မံပြီးတော့ ထည့်သွင်းတောင်းခံ လာတဲ့အတွက် လုပ်ထုံးလုပ်နည်းနဲ့ မညီတဲ့အပြင်ကို ကျွန်တော်အတိုချုပ် ပြောရရင်တော့ ဝန်ကြီးဌာနအနေနဲ့လည်း ကုမ္ပဏီတစ်ခုရဲ့ Agent လိုDistributorလို မလုပ်သင့်ပါဘူး။ ဈေးကွက်ကို လက်ဝါးကြီးအုပ်ပြီးတော့ ရောင်းချလိုတဲ့ပုံစံမျိုး ဖြစ်သွား နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ကန့်ကွက်ခဲ့ရခြင်း ဖြစ်ပါတယ်။ အဲဒီလိုလုပ်ခြင်းဟာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်ရဲ့ အခြေခံမှုများ ပုဒ်မ ၃၆ (ခ)နဲ့လည်း မညီညွတ်ပါဘူး။ နောက် အမျိုးသားလွှတ်တော်ကနေ အတည်ပြုပြီးတော့ ပြည်သူ့လွှတ်တော်ကို တင်ထားတဲ့ ယှဉ်ပြိုင်မှုဥပဒေ၊ စားသုံးသူများ အခွင့်အရေး ကာကွယ်ရေး ဥပဒေများနဲ့လည်း မညီညွတ်ပါဘူး။ ဥပဒေ၊ တည်ဆဲဥပဒေများနဲ့ မညီညွတ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ တည်ဆဲဥပဒေများကို ဆန့်ကျင်ပြီးတော့ ထောက်ခံပေးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့အတွက် ဒါကိုပယ်ဖျက်ပေးဖို့အတွက် တင်ပြချင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းကော်မတီဝင် ဦးဝင်းဦးကဆွေးနွေး ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက သမဝါယမ ဝန်ကြီးဌာနမှ China EximBank မှချေးယူမည့် ဒေါ်လာ သန်း ၃ဝဝ ကိစ္စနှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုချက် မရယူရသေးဘဲနှင့် ဖြည့်စွက်ရန်ပုံငွေတွင် ထည့်သွင်းတောင်းခံ လာသည့်အတွက် လုပ်ထုံးလုပ်နည်းများနှင့် မညီကြောင်း ဆွေးနွေးသည်။

“သမဝါယမ ဝန်ကြီးဌာနကျတော့ ရာခိုင်နှုန်းခြောက်ရာကျော် တောင်းခံလာတာကို တွေ့ရတဲ့အခါမှာ တော်တော်အံ့ဩမိပါတယ်။ သမဝါယမနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ လွှတ်တော်ကာလ ၁ဝ ကြိမ်မြောက် လွှတ်တော်ကာလမှာ တောင်ကိုရီးယားကနေပြီးတော့ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ပစ္စည်း တွေ ကို အကြွေးနဲ့ဝယ်ပြီးတော့ လုပ်မယ့်အဆိုကို ပြည်ထောင်စု လွှတ်တော်မှာလည်း ဆွေးနွေးတယ်။ မဲခွဲတယ်။ အဲဒီမဲခွဲပြီးတော့ ပယ်လိုက်တဲ့ project  ကြီးအတွက် အသုံးစရိတ် ပြန်တောင်းတဲ့ကိစ္စကတော့ တော်တော်ထင်ရှားလွန်း အားကြီးတယ်။ အဲဒီလိုတင်ပြပြီးတော့ တောင်းတဲ့ကိစ္စဟာ ဘဏ္ဍာရေး ဝန်ကြီး ဌာနက မျက်စိလျှမ်းသွားတာလား။ သက်ဆိုင်ရာ သမဝါယမဝန်ကြီးဌာနက အတင်းပဲ တိုးတောင်းတာလား ဆိုတာတော့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေမှပဲသိမှာပဲ။ ပြည်ထောင်စုအဆင့်မှာ ဒီလိုဖြစ်စဉ်တွေဟာ မဖြစ်သင့်ပါဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆွေးနွေးသည်။

သမဝါယမ ဝန်ကြီးဌာန၏ China Exim Bankမှ ချေးငွေဒေါ်လာ သန်း ၃ဝဝ အား ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက် ရရှိပြီးမှသာ တောင်းခံသင့်ကြောင်းနှင့် ချေးငွေပမာဏနှင့် ဝန်ဆောင်ခ အတိုးငွေများ ကြိုတင်တောင်းခံထားခြင်းအား ပယ်နုတ်သင့်ကြောင်း၊ ဒါမှသာ နောင်အခါ မည်သည့်အစိုးရ အဖွဲ့အစည်း ဝန်ကြီးဌာနများသည် မိမိတို့၏ ဝန်ကြီးဌာန အစီအစဉ်များဖြင့် နိုင်ငံခြားမှ ချေးငွေများ၊ ချေးယူမည့် အစီအစဉ်ရှိပါက ပြည်ထောင်စု လွှတ်တော်သို့ ချေးငွေမယူမီ တင်ပြသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက တင်ပြဆွေးနွေးသည်။

“ယနေ့ဆွေးနွေးတဲ့မူနဲ့ အခြေခံသဘောတရားမှာ အထူးအလေးထားပြီး ဆွေးနွေးလိုတာကတော့ သမဝါယမ ဝန်ကြီးဌာနပဲ ဖြစ်ပါတယ်။ သမဝါယမဝန်ကြီးဌာနရဲ့China Exim Bankနဲ့စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် မရရှိသေးဘဲချေးငွေ ဒေါ်လာသန်း ၃ဝဝ ကို ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းနဲ့ နှစ်လပတ်အတွင်းငွေ ၂၂ဝ၅ သန်းအတွက် ကျပ် ၅၁၄၅ သန်းဖြည့်စွက် တောင်းခံထားခြင်းကို ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက် မရရှိသေးဘဲ ခွင့်မပြုသင့်ပါဘူး။ ချေးငွေများကို အတိုးနှုန်းမည်မျှနဲ့ ထပ်ဆင့်ပြန်လည်ချေးငှားပြီး အတိုးနှုန်းကွာဟမှုမှာ ဖြစ်ပေါ်လာတဲ့ အကျိုးအမြတ်ကို မည်ကဲ့သို့ ခွဲဝေသုံးစွဲမယ် ဆိုတာကို ဖော်ပြရန် လိုအပ်ပါတယ်” ဟု ပြောကြားသည်။

သမဝါယမဝန်ကြီးဌာန အနေဖြင့် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ကို ကြိုတင်ရယူရန် လိုအပ်ပြီး မူလခွင့်ပြုထားခြင်း မရှိဘဲ  ဖြည့်စွက်တောင်း ခံခြင်းသည် ဖြစ်သင့်ဖြစ်ထိုက်သော လုပ်သင့်သော ကိစ္စမျိုး မဟုတ်ကြောင်း၊ ကိုရီးယားကုမ္ပဏီက ကွန်ကရစ်စနစ်နှင့် လယ်ယာသုံးကိရိယာ အမျိုးအစားကို အမေရိကန် ဒေါ်လာ သန်း ၁ဝဝ ကို ဝယ်ယူရန် ကျပ်သန်း ၉၈ဝဝ ဖြည့်စွက်တောင်းခံခြင်းသည်လည်း မသင့်လျော်ကြောင်း ၎င်းကဆွေးနွေး ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment