Saturday 25 October 2014

ရွှေပိတောက်ငါးဈေး ဒုတိယအကြိမ်ဖွင့်လှစ်ပြီးနောက် ပိုမိုအောင်မြင်

ရွှေပိတောက် ငါးဈေး ကို ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ပြီးနောက် လာရောက်ရောင်းချသော ဆိုင်ခန်း များနှင့် ရောင်းရသည့် ကုန်တန်ချိန်များ သိသာစွာ တိုးလာကြောင်း သတင်းရရှိသည်။

ယင်းဈေးကို ၂၀၁၄ ခုနှစ် ဧပြီလက ပထမအကြိမ် ဖွင့်လှစ် ခဲ့သော်လည်း  ခြောက်လတာ ကြာမြင့်သည် အထိ လာရောက် ရောင်းချသော ဆိုင်ခန်းနည်းပါး ခြင်းနှင့် ၀ယ်သူနည်းပါးခြင်းတို့ ကြောင့် ယခုကဲ့သို့ ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ရခြင်း ဖြစ် သည်။

‘‘တစ်ရက်တည်း ရောင်းရသေးတာတောင် ရောင်းသူ၊ ၀ယ်သူတွေနဲ့ ကုန်တန်ချိန်တွေက အဆများစွာ တိုးလာတယ်’’ဟု ရွှေပိတောက်ငါးဈေးဥက္ကဋ္ဌ ဦးစိုးသိန်း က ဆိုသည်။

ပထမအကြိမ် ဖွင့်ပွဲအပြီး၌ ရောင်းရသည့် ကုန်တန်ချိန် သုံး ထောင်ကျော်၊ လာရောက်ရောင်း ချသည့် ဈေးသည်ဦးရေ ၅၀ ၀န်း ကျင်နှင့် ၀ယ်သူတစ်ဦးခန့်သာ ရှိခဲ့ပြီး ဒုတိယအကြိမ် ဖွင့်ပွဲအပြီးတွင် ကုန်တန်ချိန် နှစ်သိန်း ၀န်းကျင်၊ လာရောက်ရောင်းချသည့် ဈေးသည် ၁၅၀ ကျော်နှင့် ၀ယ်သူဦးရေ ခြောက်ဦးခန့် ရှိလာခဲ့သည်။

ယခုကဲ့သို့ တိုးလာခြင်းမှာ ရွှေပိတောက်ငါးဈေးကြီး၌ ပင်လယ်ငါး(ရေငန်)များအတွက် သီးသန့်ရုံကြီးတစ်ခု ထားရှိပေးခြင်းနှင့် ပထမအကြိမ်က လာရောက်မရောင်းချသည့် ဈေးသည်များအား သက်ဆိုင်ရာ စည်ပင်၊ ဗဟိုစံပြငါးဈေးနှင့် ရွှေပိတောက်ငါးဈေးတို့မှ တာဝန်ရှိသူများက ရောင်းချရန်အတွက် ဖျောင်းဖျပြောခဲ့ခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ဖျောင်းဖျပြောဆို မှုတို့ကြောင့် ရောင်းချရသော် လည်း ကုန်တင်ကုန်ချပြုလုပ်ရာ တွင် သင်္ဘော ကပ်ရန် နေရာကျဉ်း ခြင်း၊ ရောင်းချိန်၊ ၀ယ်ချိန်နည်း ပါးခြင်းနှင့် လာရောက်ဝယ်ယူသူ မရှိခြင်းစသည့်  အခက်အခဲများရှိ နေဆဲဖြစ်ကြောင်း ဈေးသည်များ က ဆိုသည်။

‘‘ဟိုဘက်ဈေး၊ ဒီဘက်ဈေး မျှဖွင့်ရတဲ့သဘောပါ။ ဒီဈေးမှာ လိုတော့ မကောင်းဘူးပေါ့။ တစ် ရက်၊ နှစ်ရက် ရောင်းပေးမယ်။ မရောင်းရဘဲ ရှုံးမယ်ဆိုရင်တော့ ငါးကိုတော့ အရှုံးခံပြီး ဆက် ရောင်းလို့ မဖြစ်ဘူးလေ။ စဉ်းစား ရမှာပေါ့’’ ဟု ရွှေပိတောက်ငါး ဈေးတွင် ရောင်းချနေသော ငါးဒိုင်တစ်ဦးက ဆိုသည်။

အဆိုပါ ရွှေပိတောက်ငါး ဈေးကို အောက်တိုဘာ ၂၃ ရက် က ဒုတိယအကြိမ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ၂၄ နာရီ ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

7Day DAILY

No comments:

Post a Comment