Thursday 20 February 2014

ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို

Photo: ဒုချီးရားတန်း အကြမ်းဖက်မှု အစိုးရနှင့် ပူးပေါင်းစုံစမ်းရန် ကုလကို တိုက်တွန်းမည်ဟု ကင်တားနားဆို
Thursday, February 20, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်မှုကို မြန်မာအစိုးရနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNIC) ကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက ပြောကြားသည်။

မြန်မာနိုင်ငံ နိုင်ငံတော်သမ္မတက ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည့် နိုင်ငံတကာ စံချိန်စံညွန်းမီသည့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နိုင်ခြင်း မရှိသဖြင့် ယင်းသို့ တိုက်တွန်းရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ၎င်း၏ နောက်ဆုံး အစီရင်ခံစာကို တင်သွင်းရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကင်တားနား၏ ခရီးစဉ်အပြီး ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့(ပူးပေါင်းအဖွဲ့) ဖြစ်ရပ်မှန်တွေကို ဖော်ထုတ်ဖို့ လိုတယ်။ ဒုချီးရားတန်း ဖြစ်စဉ်မှာ အမှန်တကယ် အပြစ်ရှိတယ် သူတွေကို ဖော်ထုတ် အရေးယူရမယ်” ဟု ကင်တားနားက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာများတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ နည်းပညာပိုင်း ဆိုင်ရာ အကူအညီများကို ရယူရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို တိုက်တွန်းခဲ့ကြောင်း ကင်တင်နားက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်မှုသည် ပြည်တွင်းတွင် စုံစမ်းစစ်ဆေးရမည့်ကိစ္စ ဖြစ်သဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကိုယ်စားလှယ်များကို ဝင်ရောက် စွက်ဖက်ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဒုချီးရားတန်း အကြမ်းဖက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာများတွင် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဖော်ထုတ်ရန် လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့သည်။

ကင်တားနား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်မှု အပါအဝင် တရားဥပဒေ စိုးမိုးရေးနှင့် စီးပွားရေး ဖွံ့ဖြိုးမှုများ၏ စိန်ခေါ်မှုကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း ၎င်းကပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးမှု သတင်းသည် နိုင်ငံတကာ စာမျက်နှာများတွင် ဘင်္ဂါလီ ၄၀ ခန့် သတ်ဖြတ်ခံရသည်ဟု ပျံ့နှံ့လာပြီးနောက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ပေးရန် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအား ပေးခဲ့ကြသည်။

ကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်သည့် သက်တမ်းခြောက်နှစ်မှာ လာမည့် မတ်လတွင် ကုန်ဆုံးမည်ဖြစ်ပြီး ယင်းအစီရင်ခံစာကို မတ်လ ၁၄ ရက်နေ့တွင် UNHRC သို့ တင်ပြရမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment