Thursday 20 February 2014

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ် ကောက်ခံငွေ ကျပ်ဘီလျံ ၄၈၉၀ ကျော် ရရှိရန် လျာထားပြီး ၎င်းပမာဏထက် ကျော်လွန်အောင် ကောက်ခံမည်ဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ကောက်ခံရရှိငွေ ကျပ် ၄၈၉၀ ဒသမ ၅ ဘီလျံ လျာ ထားကြောင်းနှင့် အဆိုပါ လျာထားချက်များကို ပြည့်မီကျော်လွန်အောင် ကောက်ခံသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က ဖေဖော်ဝါရီ ၁၉ ရက်က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။


ထို့ပြင် Tax to GDP Ratio ကိုလည်း ၇ ဒသမ ၃၉ ရာခိုင်နှုန်း လျာထားကြောင်း ဒုဝန်ကြီး ဒေါက်တာ လင်းအောင်က ထည့်သွင်းပြောကြားသည်။  

ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို၏ ‘နှစ်စဉ် အခွန်အရပ်ရပ် ကောက်ခံ ရရှိမှုပမာဏနှင့် လုပ်ငန်းကဏ္ဍအလိုက် ဖော်ဆောင်မည့် စီမံကိန်းများကို ပြည်သူလူထုသို့ ကြိုတင်အသိပေး ကြေညာမှု ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ’ မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒုဝန်ကြီး က ထိုသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

နှစ်စဉ် အခွန်အရပ်ရပ် ကောက်ခံရရှိမှုများကို ကိန်းဂဏန်းများ၊ ဂရပ်ပုံများဖြင့် အခွန်ထမ်းပြည်သူသို့ ဖြန့်ဝေသော ပြည်တွင်းအခွန်များဦးစီးဌာန၏ နှစ်ပတ်လည် သ၀ဏ်လွှာနှင့် လက်ကမ်းစာစောင်များတွင် အသိပေး ကြေညာလျက်ရှိကြောင်း၊ လာမည့်နှစ်များတွင် ပိုမိုပွင့်လင်းမြင်သာမှု ရှိစေရန် နောင်နှစ်များတွင် မီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် ထုတ်ပြန် ကြေညာသွားမည် ဖြစ်ကြောင်း၊ နှစ်စဉ် အခွန်အရပ်ရပ် ကောက်ခံရရှိမှု ပမာဏနှင့် လုပ်ငန်းကဏ္ဍအလိုက် ဖော်ဆောင်မည့်စီမံကိန်းများကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ နှစ်စဉ် စီမံကိန်းဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။

“အခွန်ကင်းလွတ်မှု၊ အခွန်တိမ်းရှောင်မှုများ မရှိစေရန် ရက်ကွက်အလိုက်၊ လမ်းအလိုက် စီးပွားရေး လုပ်ငန်းရှင် များစာရင်းကို ကောက်ယူပြီး အခွန်ထမ်းမှတ်ပုံတင်စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးလျက် ရှိပါတယ်။

အခွန်ပေးဆောင်ထိုက်သော ၀င်ငွေရရှိသည့် လုပ်ငန်းရှင်များကို ရှာဖွေဖော်ထုတ်ပြီး လုပ်ငန်းလုပ်ကိုင် ခဲ့သည့် နှစ်များအတွင်း ရရှိခဲ့သော ၀င်ငွေများအပေါ် ပြန်လည်စည်းကြပ်မှုများ ပြုလုပ်သွားမည့်အပြင် တည်ဆဲ ဥပဒေများနှင့်အညီ ဒဏ်ရိုက်ခြင်းနှင့် လိုအပ်ပါက ရာဇ၀တ်ကြောင်းအရပါ အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ်”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာလင်းအောင်က လွှတ်တော်တွင် သူရဦးအောင်ကို၏ မေးခွန်းများကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

အစိုးရသစ် လက်ထက်တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ရငွေ (အမှန်ရငွေ) ကျပ် ၁၆၉၃၀၃၂ ဒသမ ၀၄၅ သန်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်အရပ်ရပ်မှ ရငွေ (အမှန်ရငွေ) ကျပ် ၃၃၇၂၃၅၅ ဒသမ ၇၈၆ သန်း ရရှိခဲ့ပြီး Tax to GDP Ratio မှာ ၆ ဒသမ ၅၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် မူလလျာထားချက်အရ အခွန်အရပ်ရပ်ကောက်ခံရရှိမှု ကျပ် ၃၅၈၇ ဒသမ ၉ ဘီလျံနှင့် Tax to GDP Ratio မှာ ၆ ဒသမ ၀၆ ရာခိုင်နှုန်း လျာထားကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment