Thursday 20 February 2014

သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော်၊ ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီတို့ သုံးပွင့်ဆိုင် ဆွေးနွေး

သတင်းမီဒီယာ ဥပဒေကြမ်း၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းတို့နှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ ဖေဖော်ဝါရီ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော် အဆောက်အအုံတွင် သုံးပွင့်ဆိုင် ဆွေးနွေးခဲ့သည်။


အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ လွှတ်တော် ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ၊ ဦးကိုကို၊ ဦးဇော်သက်ထွေး၊ ဦးရဲမင်းဦး၊  ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပညာရှင်များ တက်ရောက် ခဲ့ပြီး ဥပဒေကြမ်းနှစ်ခုတွင်ပါဝင်သော ပုဒ်မ အချို့နှင့် ပတ်သက်၍ သဘောတူညီမှု ရရှိခဲ့ကြောင်းနှင့် မည် သည့် အချက်အလက်များ ဖြစ်သည်ကိုမူ ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံစာ မတင်သွင်းမီ ထုတ်ပြန်ခွင့်မရှိကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသူများက ပြောကြားသည်။

“ပြန်ကြားရေးက တာဝန်ရှိ ပုဂ္ဂိုလ်တွေရယ်၊ စာနယ်ဇင်းကောင်စီရယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီရယ် ဆွေးနွေးတဲ့အခါမှာ ဆွေးနွေးမှုရလဒ်က အကောင်းဘက်မှာ ရှိတယ်။ ဘာတွေ ညှိနှိုင်းခဲ့လဲဆိုတာတော့ ပြောလို့ မရပါဘူး”ဟု ဦးဇော်သက်ထွေးက ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက် တာမြတ်ဥာဏစိုးက “ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ မတင်သွင်းခင် ကျွန်တော်တို့အနေနဲ့ ထုတ်ပြန်ပြောကြားခွင့် မရှိပါဘူး”ဟု သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

သတင်းမီဒီယာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တင်သွင်း ခဲ့ခြင်းဖြစ်ပြီး ပုံနှိပ်ခြင်း နှင့်ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ တင် သွင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment