Thursday 20 February 2014

ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ

Photo: ကမ္ဘာလှည့် ခရီးသည်တင် အ ပျော် စီး သင်္ဘောကြီး ရန်ကုန်ရောက်ရှိ
Thursday, February 20, 2014

အမေရိကန်နိုင်ငံ အခြေစိုက် Silversea Cruises မှ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီး M.V SILVER SHADOW သည် ယနေ့နံနက် ၆နာရီ ခန့်တွင် ဒုတိယ အကြိမ်အဖြစ် မြန်မာ အပြည်ပြည် ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ရောက်ရှိ လာကြောင်း သိရသည်။ အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးသည် ထိုင်းနိုင်ငံ ဖူးခက် ဆိပ်ကမ်းမြို့မှ တစ်ဆင့် ဆိုက်ရောက် လာခြင်းဖြစ်ပြီး သင်္ဘောပေါ်တွင် ခရီးသည် ၃၂၆ဦးခန့်နှင့် သင်္ဘော ဝန်ထမ်း ၂၉ဝခန့် လိုက်ပါ လာကြသည်။

ကမ္ဘာလှည့် ခရီးသည်များသည် ရန်ကုန်မြို့တွင်း၌ လှည့်လည်ကြည့်ရှုခြင်း၊ ညနေပိုင်း လေယာဉ်ဖြင့် ပုဂံနှင့် မန္တလေးသို့ သွားရောက်ခြင်း၊ သန်လျင်ဈေးနှင့် ကျိုက်ခေါက် ဘုရားသို့ သွားရောက်ခြင်း၊ Governor Residence ၌ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အကဖြင့် ဖျော်ဖြေ မှုများကို ကြည့်ရှုခြင်းနှင့် ညစာ သုံးဆောင်ခြင်း၊ ပဲခူး နေ့ခြင်းပြန် ခရီးစဉ်၊ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်နှင့် ရွှေတိဂုံ ဘုရားသို့ သွားရောက်ခြင်း များ ဆောင် ရွက်ကြ မည် ဖြစ်သည်။

၂ဝ၁၄ခုနှစ် ပထမ လေးလတာ ကာလတွင် ရန်ကုန်မြို့သို့ Cruises ၁၂စင်း ဝင်ရောက်ရန် ရှိပြီး ဗြိတိန်၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့မှ သင်္ဘောများ အပါအဝင် အမေရိကန်မှ ခုနစ်စင်း ပါဝင်ကြောင်း၊ ရန်ကုန် ဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည်တင် သင်္ဘောကြီးအစင်း ၂ဝထိ ရောက်ရန် ရှိသဖြင့် Year of Cruises ဟု ဆိုနိုင် ကြောင်း၊ မြန်မာ နိုင်ငံသို့ အပျော်စီး သင်္ဘောများ လာရောက်ရေး အတွက် အဓိက ဈေးကွက် ရှာဖွေပေးနေသော တိုင်းရင်းသား ပိုင်ကုမ္ပဏီ Myanmar Voyages မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီး သင်္ဘောကြီးသည် ဖေဖော်ဝါရီ ၂၂ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းမှ မလေးရှား နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ခင်ချိုဝင်း
မြ၀တီ

No comments:

Post a Comment