Tuesday 24 December 2013

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး မီဒီယာများနှင့် ဆက်ဆံရေး မြှင့်တင်ရန် ဌာနတစ်ရပ် ဖွဲ့စည်းမည်

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် အရေးကြီးသော ကဏ္ဍအဖြစ် ရပ်တည်နေသည့် မြန်မာမီဒီယာ များနှင့် ဆက်ဆံရေး ပိုမိုမြှင့်တင်နိုင်ရန် အတွက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနတစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာန အကြီးအကဲ နှင့် သံရုံး ပြောရေးဆိုခွင့်ရှိသူ မစ္စတာ Gao Mingbo က The Voice သို့ ပြောကြားသည်။

"ဒီနှစ် အစောပိုင်းမှာ စတင်ပြီး ဖွဲ့စည်းသွားဖို့ စီစဉ်ထားပါတယ်၊ မြန်မာ မီဒီယာ အသိုင်းအဝိုင်းနဲ့ အကောင်းဆုံး လက်တွဲ ဆောင်ရွက်သွားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" ဟု ၄င်းက ဆိုသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်မှု အခြေအနေများကို ပြည်သူများ ထံသို့ ချပြရန်အတွက် မြန်မာမီဒီယာသမား များ၏ ကြိုးပမ်းဆောင်ရွက်မှုကို အသိအမှတ် ပြုကြောင်းနှင့် ၄င်းအပါအဝင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးမှ ဝန်ထမ်း များသည်လည်း အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ရေး အတွက်
ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောကြားသည်။

တရုတ်အစိုးရသည် ပြည်သူများနှင့် သတင်းမီဒီယာ များထံ လျင်မြန်စွာ သတင်းများ ရောက်ရှိစေရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွင်း၌ပင် အသုံးပြုရန် ပိတ်ပင်ထားသော လူမှုကွန်ရက် တစ်ခု ဖြစ်သည့် Facebook စာမျက်နှာတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စာမျက်နှာကို ၄င်းကိုယ်တိုင် တာဝန်ယူ၍ ဖွင့်ပေးခဲ့ကြောင်း Mr. Gao Mingbo က ဆိုသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၀ ပြည့်နှစ် ဇွန်လ ၈ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင်ခဲ့ပြီး ယနေ့တိုင် မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံလည်းဖြစ်သည်။

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခဲ့သည် မှစ၍ နှစ်ပေါင်း ၅၀ ကျော် တိုင်သည့် အချိန်အထိ တရုတ်အစိုးရ ကိုယ်စားပြု တရုတ်သံရုံးသည် သတင်းမီဒီယာနှင့် ဆက်ဆံရေး အေးခဲနေခဲ့သော် လည်း သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်မှ စတင်ကာ သတင်းမီဒီယာ များနှင့် နွေးထွေးသော ဆက်ဆံရေး သစ်တစ်ရပ် စတင်ခဲ့သည်။

သို့သော် ၂၀၀၈ ခုနှစ်က နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် စီချွမ်ငလျင်တွင် တရုတ်မီဒီယာ များ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ The Voice Weekly က ရန်ကုန်မြို့တော် အခြေစိုက် တရုတ်အစိုးရ အာဘော် ဆင်ဟွာသတင်း ဌာနနှင့် တွေ့ဆုံ မေးမြန်းခဲ့သော်လည်း ဆင်ဟွာ သတင်းဌာနက ထိုတွေ့ဆုံမေးမြန်း မှုကို ဖော်ပြခွင့် မပြုရန် စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ ဖိအား ပေးခဲ့ဖူးသည်။

တရုတ် ကြေးနီတူးဖော်ရေး ဝမ်ပေါင် ကုမ္ပဏီ၊ မြန်မာအစိုးရနှင့် မြန်မာဦးပိုင် ကုမ္ပဏီတို့ အကျိုးတူ ဆောင်ရွက်နေသော လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းရန် ဆန္ဒထုတ်ဖော်ခဲ့ကြသော ဒေသခံ ပြည်သူများနှင့် သံဃာတော်များကို အကြမ်းဖက် ဖြိုခွင်းခံရမှုနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက တရုတ်သံအမတ်ကြီး ကိုယ်တိုင် သံတမန် ဆက်ဆံရေး တစ်လျှောက် ပထမဦးဆုံးသော သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ပေး ခဲ့သည်။

ယင်းသို့ မီဒီယာများနှင့် ပိုမိုနွေးထွေးစွာ ဆက်ဆံရခြင်းမှာ မြန်မာ ပြည်သူလူထုက တရုတ်အစိုးရနှင့် တရုတ် ပြည်သူများအပေါ် အထင် လွဲမှားနေမှုများကို မီဒီယာများမှ တစ်ဆင့် ပြန်လည်ဖြေရှင်း ပေးရန်နှင့် နှစ်နိုင်ငံအကြား ဆောင်ရွက်နေသော စီမံကိန်းများ၊ စီမံချက်များတွင် ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပေးနိုင်ရန် အတွက် ရည်ရွယ်ကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နိုင်ငံရေးကျွမ်းကျင် ပါမောက္ခ Yang Bao Yun က သုံးသပ်ပြောကြားသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် ရည်ရွယ်၍ နှစ်နိုင်ငံမှ သတင်း မီဒီယာများ ဖလှယ်မှုအစီအစဉ် ကိုလည်း ၂၀၁၂ ခုနှစ်မှ စတင်ကာ တရုတ်သံရုံးက ဦးစီး၍ ပြုလုပ်ပေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment