Tuesday 24 December 2013

ဆက်သွယ်ရေးနည်းဥပဒေ ဇန်န၀ါရီလအတွင်း အတည်ပြုနိုင်ဖွယ်ရှိ

ဆက်သွယ်ရေးနည်းဥပဒေကို လာမည့်ဒီဇင်ဘာနောက်ဆုံးပတ်တွင် ဆက်သွယ်ရေးနှင့်သတင်းအချက် အလက် နည်းပညာဝန်ကြီးဌာနမှ အတည်ပြုပြီး ရှေ့နေချုပ်ရုံးသို့ ပေးပို့မည်ဖြစ်ရာ လာမည့် ဇန်န၀ါရီလ ဆန်းတွင် အတည်ပြုနိုင်ဖွယ်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန် ကြား ရေး မှူး ဦးသန်းထွန်းအောင် က မဇ္ဈိမကို ပြောသည်။
“ရှေ့နေချုပ်ရုံးကပဲ ဆက်သွယ်ရေး နည်းဥပဒေကို ဆက်လက်အတည်ပြုမှာပါ။ လာမယ့် ဇန်န၀ါရီလ ပထမ၊ ဒုတိယပတ်အတွင်း အတည်ဖြစ်လာဖို့ရှိပါတယ်”ဟု ပြောသည်။ဝန်ကြီးဌာနက ဆက်သွယ်ရေး နည်း ဥပဒေကို နိုဝင်ဘာ ၄ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ပြည်သူလူထုကိုချပြပြီး အကြံပြုချက် များ တောင်းခံခဲ့ သည်။ ထိုသို့ အကြံပြုချက်များ တောင်းခံခဲ့သောကြောင့် ပြည်တွင်း၊ ပြည်ပမှ နည်းပညာ လုပ်ငန်းရှင်များ၊ NGO နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကြံပြုချက်များပေးပို့ခဲ့ပြီး အဆိုပါအကြံပြု ချက်များကို ပြန်လည် သုံးသပ်ကာ ပြင်ဆင်သင့်သည့်အချက်များ ပြင်ဆင်နေပြီဖြစ်သည်ဟုလည်း ဦးသန်းထွန်းအောင်က ဆို သည်။

“အကြံပြုချက်တွေထဲက ပြင်လို့ရတဲ့ဟာ ပြင်မယ်၊ ထည့်လို့ရမယ့်ဟာ ထည့်မယ်။ အဲဒီအတွက် World Bank နဲ့ ဆွေးနွေးညှိနှိုင်းနေတယ်။ တချို့အချက်တွေဆို ဒီနည်းဥပဒေထဲမှာမဟုတ်ဘဲ နောက်တစ်ဆင့် ဆက်လုပ်မယ့်အခန်းဆက်ဥပဒေတွေထဲမှာ ထည့်လို့ရတာတွေရှိတယ်”ဟု ဆိုသည်။

ဆက်သွယ်ရေးနည်းဥပဒေတွင် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်၊Technical၊ Spectrum Lawအစရှိသဖြင့် အခန်းများ ခွဲခြားကာ သတ်မှတ်ထားသည်ဟု ဆက်သွယ်ရေးနည်းဥပဒေနှင့်ပတ်သက်ပြီး အကြံပြုချက် များ ပေးပို့ဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ အတွင်းရေးမှူး ဦးဇော်မင်းဦး က ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment