Tuesday 24 December 2013

ကလေးကစားကွင်းအမည်ခံ လောင်းကစားဂိမ်းများ အရေးယူမည်

မန္တလေးမြို့တွင်းတွင် အပျော်တမ်း ကလေးကစားကွင်း အမည်ခံကာ လောင်းကစားဂိမ်းများ ဖွင့် လှစ်နေ ခြင်းကို အရေးယူမှုများ စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူ တစ်ဦးက မဇ်္ဈိမကို ပြောသည်။
“ကလေးကစားကွင်းအမည်ခံ ငွေကြေးများစွာနဲ့ လောင်းကစားလုပ်ဆောင်နေတာမျိုးတွေ ရှိတဲ့အတွက် စစ်ဆေးအရေးယူပြီး ဖမ်းဆီးမှုတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။ လောင်းကစားပုဒ်မတွေအတိုင်း အရေး ယူမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ရဲအရာရှိက ပြောသည်။

လောင်းကစားဂိမ်းများ ဆော့ကစားမှုပြုလုပ်လျှင် ဆိုင်ရှင်နှင့် လာရောက်ဆော့ကစားသူ နှစ်ဦးစလုံးကို အရေးယူမှု ပြုလုပ်သွားမည်ဖြစ်ပြီး ကလေးကစားကွင်း ဖွင့်လှစ်မှုများကို တင်ပြလာလျှင်လည်း အသိပေး လက်မှတ်များ ထိုးစေကာ ဖွင့်လှစ်ခွင့်အတွက် စိစစ်မှုများကို ပြုလုပ်သွားမည်ဖြစ်သည်ဟု အဆိုပါရဲအရာ ရှိက ဆိုသည်။

လောင်းကစားဂိမ်းများသည် ငွေကြေးအား လောင်ကြေးငွေအဖြစ် လက်ခံကာ တန်ဖိုးအလိုက် အမှတ်ကို ထည့်သွင်း ဆော့ကစားခြင်းဖြစ်ပြီး ကစားနည်းအဖြစ် ငါးပစ်ဂိမ်း၊ ပန်းသီးဂိမ်း စသည်တို့ကို ငွေကြေး များ ဖြင့် လောင်းကစားခြင်းဖြစ်သည်။

“ဒီဂိမ်းကစားနည်းတွေက ခေတ်ထလာတော့ သိပ်မကြာသေးပါဘူး၊ အခုဆို ရပ်ကွက်ထဲက လူငယ်လူ ရွယ် နဲ့ အရွယ်မရောက်သေးတဲ့ ကလေးတွေ တော်တော်လေး ဆော့နေကြတာ တွေ့ရတယ်။ အိမ်မှာရှိတဲ့ ကလေးတွေကို တော်တော် ထိန်းသိမ်းနေရတယ်။ ဒါကြောင့် ဒါမျိုးတွေ ဖွင့်လှစ်တာ မကောင်းပါဘူး။ ကလေးတွေ အနေနဲ့ ဂိမ်းကစားသလိုလိုနဲ့ လောင်းကစားဘက်ကို စိတ်ပါဝင်စားလာနိုင်ပါတယ်”ဟု ချမ်း အေးသာစံမြို့နယ်တွင် နေထိုင်သည့် အသက်လေးဆယ်အရွယ် ကိုနေမိုးက ပြောသည်။

ထို့ကြောင့် နယ်မြေအလိုက် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးမှုများ စတင်လုပ်ဆောင်နေခြင်းကြောင့် ဒီဇင်ဘာ ၂၂ ရက်တွင် ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဖွယ်နောက်ရပ်ကွက် ၈၉ လမ်း ၃၄-၃၅ လမ်းကြားရှိ ကစားကွင်းအမည်ခံ လောင်းကစားဂိမ်း ဖွင့်လှစ်ထားသည့်နေရာသို့ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး ငွေကြေး ၁၉ သိန်းကျော် ဖမ်းဆီးရမိခဲ့သည်။

Mizzima

No comments:

Post a Comment