Tuesday 24 December 2013

ရေမြောင်းကိုပိတ်ဆို့ မြေဖို့ အကွက်ရိုက် ရောင်းဟုဆိုကာ အငြင်းပွား

မန္တလေးတိုင်း အမရပူရမြို့နယ် တစ်မြို့နယ်လုံး အသုံးပြုလျက်ရှိသည့် ရေဆိုးမြောင်းကို ပိုင်ရှင်ဟု ဆိုသူ များက မြေဖို့ အကွက်ရိုက်ကာ ရာအိမ်မှူး၏ သက်သေလက်မှတ်ဖြင့် ရောင်းချနေမှုကို ရပ်ကွက်ဒေသခံ များကတားဆီးရာမှ အငြင်းပွားမှုတစ်ရပ် ဒီဇင်ဘာ၂၂ ရက်က ဖြစ်ပွားခဲ့ပြီး အငြင်းပွားမှုကို ညှိနှိုင်းရန် ရပ် မိရပ်ဖများအား ဒီဇင်ဘာ၂၄ ရက်တွင် အမရပူရမြို့နယ်စည်ပင်ရုံးသို့ ဆင့်ခေါ်ထားကြောင်း သိရသည်။
ရေမြောင်းအားပိတ်ဆို့၍ အောက်တိုဘာလမှ စတင်ကာ စည်ပင်သာယာကားများဖြင့် အမှိုက်များ နေ့စဉ် လာပစ်နေခြင်းကြောင့် အနံ့ဆိုးများ မခံနိုင်ဖြစ်ကာ ရပ်ကွက်သူရပ်ကွက်သားများနှင့် သံဃာတော်များမှ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ ဒီဇင်ဘာ ၂ ရက်တွင် သွားရောက် တိုင်ကြားသောကြောင့် အ မှိုက်များပစ်ခြင်း မပြုလုပ်တော့ဟု အေးဇရပ် ရပ်ကွက်နေ ဦးကျော်ဆန်းက မဇ္ဈိမကို ပြောသည်။

စည်ပင်မှ အမှိုက်များ လာရောက်ပစ်ခြင်း မရှိသော်လည်း စည်ပင်သာယာကားများဖြင့် မြောင်းအတွင်း သို့ မြေများဖို့လျက်ရှိသည်ဟု ရပ်ကွက်သူရပ်ကွက်သားများက ဆိုသည်။

မြေများဖို့နေမှုကို တားဆီးခဲ့သော်လည်း ထိုမြောင်းနေရာသည် ပိုင်ရှင်ရှိသည်ဟု ရာအိမ်မှူးက ဆိုကာ ပိုင်ရှင်ဆိုသူများဘက်မှ မှန်တန်းရပ်ကွက် ရာအိမ်မှူးက အရောင်းအ၀ယ်စာချုပ်များတွင် သက်သေလက် မှတ်ထိုးကာ ရောင်းချနေသည်ဟု မှန်တန်းရပ်ကွက်မှ ကိုထွန်းမောင်က ပြောသည်။

“ဖြစ်တာကြားလို့ လာကြည့်တာပါ။ ကျွန်တော်တို့ဌာနကနေပြီး အမှိုက်ပစ်ခိုင်းတာ မြေဖို့ခိုင်းတာ မရှိပါ ဘူး။ အခုလိုဖြစ်နေတာကို အခုမှသိတာပါ။ အထက်ကိုတင်ပြပြီး အမြန်ဆုံး လုပ်ဆောင်ပေးသွားပါမယ်။ အခုချက်ချင်း ဆောင်ရွက်ပေးဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အဆင့်နဲ့ ဆုံးဖြတ်လို့မရပါဘူး”ဟု အမရပူရမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သန့်ရှင်းရေးမှူး ဦးမျိုးသိန်းက မဇ္ဈိမကို ပြောသည်။

မှန်တန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆန်းသိန်းကလည်း “ကျွန်တော်တို့ လက်မှတ်ထိုး မရောင်းပါဘူး။ နယ်မြေက ကျယ်တော့ ဒီဘက်ကို သိပ်မရောက်ဖြစ်ဘူး။ ရာအိမ်မှူး လက်မှတ်ထိုးတယ်ဆိုတာကလည်း ကျွန်တော်မသိပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ထိုမြောင်းဖို့မြေကွက်များအား တစ်ပေ တစ်သိန်းခွဲဖြင့် ရောင်းနေခြင်းဖြစ်ပြီး ထိုသို့ ရောင်းချနေမှုကို တား ဆီးပေးရန် ဒီဇင်ဘာ ၈ ရက်က သက်ဆိုင်ရာသို့တိုင်ကြားခဲ့သော်လည်း တားဆီးပေးခြင်းမရှိဟု ရပ်ကွက် သူရပ်ကွက်သားများက ဆိုသည်။

မြောင်းကို ပိတ်ဆို့မြေဖို့ကာ အကွက်ရိုက်ထားသော အကွက် ခုနစ်ကွက် ရောင်းပြီးဖြစ်ပြီး မြေဖို့ရောင်းချ သည့် နေရာအနီးရှိ ရပ်ကွက်များတွင် တစ်ပေဈေးနှုန်းမှာ ကျပ်သုံးသိန်းမှ လေးသိန်းဝန်းကျင်ခန့်ရှိသည်။

“ရာအိမ်မှူးက အရောင်းအ၀ယ်စာချုပ်မှာ လက်မှတ်ထိုးပေးတယ်။ ဈေးနှုန်းလည်း သက်သာတာကြောင့် ခိုင်မာမယ်ထင်လို့ ၀ယ်ထားတာပါ”ဟု ပေ ၂၀ ပေ ၃၀ အကွက် ၀ယ်ယူထားသူတစ်ဦးက ဆိုသည်။

ထိုရေဆိုးမြောင်းသည် ရပ်တည် ရွာတည် နှစ် ၅၀ ခန့်ကတည်းက တည်ရှိခဲ့ပြီး ထိုရေမြောင်းကို အမရပူ ရတစ်မြို့နယ်လုံးက အသုံးပြုနေဆဲဟု မြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တအဂ္ဂဥဏက မဇ္ဈိမ ကို မိန့်သည်။

Mizzima - News in Burmese

No comments:

Post a Comment