Friday 27 July 2012

အမျိုးသားလုံခြုံရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲကို ခြိမ်းခြောက်နေပြီလား

၀၀၆ ခုနှစ်လောက်က ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ (National Security Council) က အရာရှိကြီး တစ်ဦးနှင့် စကား လက်ဆုံ ကျဖူးပါတယ်။ စကားလက်ဆုံ ကျရင်းနဲ့ မြန်မာလူမျိုးတွေ ထိုင်းနိုင်ငံအတွင်း ၀င်ရောက်လာမှု များပြားနေခြင်းဟာ ထိုင်း အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာနေပြီလို့ ထင်မြင်ကြောင်း အဲဒီအရာကြီးက ပြောဆိုပါတယ်။ အဲဒီအရာရှိကြီး ပြောတဲ့အချိန် တုန်းက မြန်မာရွှေ့ပြောင်းအလုပ်သမား လူဦးရေ (၃) သန်းလောက် ထိုင်းနိုင်ငံထဲမှာ ၀င်ရောက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေက ဘယ်လိုပုံစံမျိုးနဲ့ ခြိမ်းခြောက်နေလဲလို့ မေးကြည့်ဖြစ်တယ်။ နိုင်ငံတစ်ခုကို အခြား နိုင်ငံတစ်ခုက လူဦးရေ သန်းချီ ၀င်ရောက် နေထိုင်တယ်နေတယ် ဆိုရင် အဲဒီနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးမှာ ပြဿနာ ရှိနေပြီလို့ ပြန်ဖြေပါတယ်။


ဘယ်နိုင်ငံမှာမဆို အမျိုးသားလုံခြုံရေး (National Security) ဆိုတာ အစိုးရတရပ်ရဲ့ ပထမ ဦးစားပေး ဖြစ်ပါတယ်။ အမျိုးသား လုံခြုံရေး ဆိုတဲ့စကားကို စတင်သုံးစွဲလာတာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ အမေရိကန် နိုင်ငံက စတင် သုံးစွဲလာတာ ဖြစ်ပါတယ်။ နိုင်ငံတခု သိက္ခာရှိရှိနဲ့ ကမ္ဘာအလယ်မှာ ရပ်တည်နိုင်ရေးအတွက် အဲဒီနိုင်ငံမှာ ရှိတဲ့ သံတမန်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးတွေကို အသုံးပြုပြီး အမျိုးသားလုံခြုံရေးကို တည်ဆောက်ကြရပါတယ်။ အမျိုးသားလုံခြုံမှုဆိုတာ ခေတ်သစ်မှာတော့၊ စီးပွားရေးအရ လုံခြုံမှု၊ စွမ်းအင်အရ လုံခြုံမှု၊ သဘာဝပတ်ဝန်းကျင် လုံခြုံမှု၊ စစ်ရေးလုံခြုံမှု စတာတွေ အများအပြား ပါလာတာကို တွေ့ရပါတယ်။

နိုင်ငံတခုရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အထဲမှာ နိုင်ငံတစ်ခုကနေ အခြားနိုင်ငံတစ်ခုကို ခြိမ်းခြောက်တာအပြင် နိုင်ငံချင်း မဟုတ်တဲ့ အမျိုးသားလုံခြုံရေးကို ထိပါးတာမျိုးကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေ၊ အမျိုးသား အကျိုးစီးပွားတွေကို ထိပါး ဂုတ်သွေး စုတ်နေတဲ့ ကုမ္ပဏီကြီးတွေ၊ အစိုးရမဟုတ်တဲ့ လူသားချင်းစာနာ ထောက်ထားတဲ့ အဖွဲ့အစည်းကြီးတွေ၊ သဘာဝ ဘေးအန္တရာယ် စတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ကြည့်မယ်ဆိုရင် ဒီနေ့ မြန်မာနိုင်ငံရေး ဖြစ်စဉ်ကို သုံးသပ် ရပါလိမ့်မယ်။ အတိုက်အခံတွေ ဘာတွေပြောပြော နှစ်ငါးဆယ် အတွင်းမှာ အပြောင်းအလဲကြီး ဖြစ်စဉ်တွေ ဆက်တိုက် ပေါ်ပေါက်လာပါတယ်။ တခါမှမရှိခဲ့ဘူးတဲ့ လွှတ်တော်တွေ၊ ပြည်သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတွေ၊ နိုင်ငံသားတွေရဲ့ လွတ်လပ်မှု အတိုင်းအတာဟာ ယခင် ဆယ်စုနှစ်တွေကနဲ့ နှိုင်းစာရင် မိုးနဲ့မြေလို ကွာခြားနေ ပါပြီ။ စတုတ္ထမဏ္ဍဆိုရင်လည်း အတိုင်းအတာ တစ်ခုထိ လွတ်လပ် ပွင့်လင်းလာတာကို တွေ့ရတယ်။ အယင်ဆယ်စုနှစ်တွေတုန်းကဆိုရင် အစိုးရက မြို့ပေါ်နေ၊ အတိုက်အခံက တောထဲနေဆိုတဲ့သဘောနဲ့ ခရီး ဆက်ခဲ့ကြရတာပါ။

ဒီလိုအပြောင်းအလဲ ဖြစ်စဉ်တွေနဲ့အတူ မြန်မာနိုင်ငံရေးမှာ အဖုအထစ် အများအပြား ရှိနေတာကလည်း လက်ခံရမယ့် အနေအထားပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်ရပ်စဲရေး လုပ်နိုင်သလို၊ မလုပ်နိုင်သေးတဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ ဒါတွေက ပြည်တွင်းရေး ပြဿနာတွေပါ။ ဘယ်လိုပဲ ဖြစ်နေပါစေ အယင် ဆယ်စုနှစ်တွေကနဲ့ စာရင် နိုင်ငံရေးတည်ငြိမ်မှု ရှိလာနဲ့အမျှ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကလည်း အတိုင်းအတာ တစ်ခုထိ တည်ငြိမ်မှု ရရှိလာပြီ ဆိုတာ ပြောလို့ရပါတယ်။ ဒါပေမယ့်….။

၂၀၁၂ ဇွန်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပေါ်ပေါက်လာတဲ့ လူမျိုးရေးပြဿနာဟာ တည်ငြိမ်စ ပြုနေတဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာပြီဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ သတင်းတွေကို လေ့လာရုံနဲ့ သိနိုင်ပါတယ်။ လူမျိုးရေးအဓိကရုဏ်းကနေ ဘာသာရေးအခြေခံ ပြဿနာအဖြစ် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ပေါ်ထွက်လို့လာပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနဲ့တွေ့စဉ် သမ္မတကြီး ပြောလိုက်တဲ့ တစ်ဖက်နိုင်ငံက ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို လက်မခံနိုင်ဘူးလို့ ပြောဆိုတာဟာ ဒီနေ့ကမ္ဘာ့ ထိပ်တန်းသတင်းတစ်ပုဒ် အဖြစ် ပေါ်ထွက်လာပါတယ်။ နိုင်ငံတခုရဲ့ အုပ်ချုပ်ရေး အာဏာပိုင် ပုဂ္ဂိုလ်တဦးက ဒီလူတွေဟာ သူ့နိုင်ငံသားတွေ မဟုတ်ဘူး၊ တဖက်နိုင်ငံက ခိုးဝင်လာသူတွေပါလို့ ပြောဆိုတာကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၊ ကုလသမဂ္ဂ အကြီးတန်း ၀န်ထမ်းတဦးက ငြင်းဆိုပိုင်ခွင့် ရှိပါသလားဆိုတာ မေးရမယ့် မေးခွန်း ဖြစ်လာပါတယ်။
ကုလသမဂ္ဂ အကြီးတန်းဝန်ထမ်းတဦးဟာ နိုင်ငံတခုရဲ့ အချုပ်အခြာ အာဏာကို ၀င်ရောက် စွက်ဖက်ပိုင်ခွင့် ရှိ-မရှိဆိုတဲ့ မေးခွန်း ပေါ်ပေါက်လာပါတော့တယ်။

UN ရဲ့ ပြဌာန်းချက်ပါ ပဋိဥာည်အရဆိုရင် ၀င်ရောက် စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘယ်သူက နိုင်ငံသား ဖြစ်တယ်၊ ဘယ်သူက ဌာနေတိုင်းရင်းသား ဖြစ်တယ်ဆိုတာကို မြန်မာအစိုးရက လွဲပြီး ဘယ်သူမှ ၀င်ရောက် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။

အထက်မှာ တင်ပြခဲ့တဲ့ နိုင်ငံတခုရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာတဲ့အထဲမှာ အစိုးရမဟုတ်တဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း ပါဝင်နေတာဟာ ဒီမိုကရေစီ ထွန်းသစ်စ မြန်မာနိုင်ငံအတွက် နိမိတ် မကောင်းတဲ့ လက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။ UN အပြင် ဥရောပ သမဂ္ဂ EU၊ အစ္စလာမ်မစ် အဖွဲ့အစည်းတွေ၊ အစ္စလာမ်နိုင်ငံ တွေကပါ ဘင်္ဂလီအရေးမှာ လက်ရှိအစိုးရကို ဖိအားပေးတာကို တွေ့ရပါ တယ်။ မြန်မာ့ပြည်တွင်းရေးကို တိုက်ရိုက် စွက်ဖက်လာတဲ့ သဘောထားကို တွေ့ရပါတယ်။

ကျနော်ဟာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP-Aarkan Libeartion Army) နှင့်  အစိုးရတို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာ ပါဝင်ခဲ့ပါတယ်။ ဆွေးနွေးပွဲ အပြီး ရခိုင်ရပ်မိရပ်ဖတွေ၊ တတ်သိပညာရှင်တွေနဲ့ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ ရခိုင်လူမျိုး အများစုက နောင်ဖြစ်ပေါ်လာမယ့် အစိုးရတွေက ဒီမိုကရေစီနှင့်အတူ တွဲဖက်ပါလာမယ့် လူ့အခွင့်အရေးတွေကို နိုင်ငံတကာမှာ မျက်နှာ ပန်းလှရေးအတွက် အပြည့်အ၀ လေးစားလိုက်နာပြီး တိုင်းတပါးသားတွေကို နိုင်ငံသားအဖြစ် ပေးတာမျိုးကို မလိုလားဘူး ဆိုတာမျိုးကို အတိအလင်း ဆွေးနွေးခဲ့ကြတာကို တွေ့ရပါတယ်။

ပဋိပက္ခအတွင်းမှာ ကိုယ်တွေ့ ခံစားခဲ့ရတဲ့ လေးသန်း ကျော်သော ရခိုင်ပြည်သူတွေကတော့ မြန်မာနိုင်ငံရဲ့ အလံတော်ကို ရခိုင် လူမျိုးတွေ အိမ်တိုင်းမှာ လွှင့်တင်ပြီး သဘောထားကို ဖေါ်ပြနေကြပါတယ်။ ရခိုင် လူထုတွေက UN အပြင် အခြားသော iNGOs တွေကိုလည်း လက်မခံတာကို တွေ့ရတယ်။ အဲဒီလို ရခိုင် ပြည်သူတွေရဲ့ ခါးသီးမှုတွေနဲ့ ဘင်္ဂလီတွေရဲ့ နယ်သစ်ချဲ့ထွင်ရေး ၀ါဒသစ် ဟာ ရှေ့ဆက်ရမယ့် ထွန်းသစ်စ မြန်မာ့နိုင်ငံရေး ခရီးမှာ အဖုအထစ် ဖြစ်နေပြီလားဆိုတာ တွေးစရာ ဖြစ်လာပါတယ်။

ဒီနေ့ နိုင်ငံတကာမှာ နိုင်ငံတစ်ခုအပေါ် အမျိုးသား လုံခြုံရေးအရ ခြိမ်းခြောက်မှုကတော့ အကြမ်းဖက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတာက အစွန်းရောက် အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အစွန်းရောက် အဖွဲ့အစည်းတွေ ရပ်တည် လှုပ်ရှားနေတဲ့ နိုင်ငံတွေကို ကြည့်ရင် နိုင်ငံရေး၊ စီးပွားရေးအရ တည်ငြိမ်မှု မရှိတဲ့ နိုင်ငံတွေ ဖြစ်တာကိုတွေ့ရပါတယ်။ အချို့သော ပညာရှင်တွေက အစွန်းရောက် အဖွဲ့အစည်းတွေ ခိုအောင်းလာနိုင်တဲ့ နေရာဟာ ရခိုင်ပြည်မြောက်ပိုင်း နေရာတွေဖြစ်တယ်လို့ ထောက်ပြကြပါတယ်။

အစွန်းရောက် အကြမ်းဖက်သမားတွေဟာ မတည်မငြိမ် ဖြစ်နေတဲ့ အပြောင်းအလဲ ကာလမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ပြုလုပ်ကြ ပါတယ်။ အာဏာရှင်စနစ်ကနေ ကူးပြောင်းတဲ့ အကူးအပြောင်း ကာလမှာ လုံခြုံရေးဆိုင်ရာ အားနည်းချက်တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ ချည့်နဲ့နေတဲ့ အချိန်မျိုးမှာ ၀င်ရောက် နေရာယူတာ မျိုးဟာ သူတို့ရဲ့ နည်းဗျူဟာ ဖြစ်နေတာကို တွေ့ရပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကူးအပြောင်းကာလမှာ မူဆလင် အစွန်းရောက် အဖွဲ့အစည်းတွေက ၀င်ရောက် နေရာယူတာထက် ပိုပြီး ရခိုင်ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ဖျက်ဆီးခံလိုက်ရတာဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို သွယ်ဝိုက်သော နည်းနဲ့ ခြိမ်းခြောက်တာမျိုးတင်မဟုတ်ဘဲ တိုက်ရိုက်ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ အဓိကအနေနဲ့ ဒီအချက်အပေါ်မှာ အလေး အနက်ထား တင်ပြလိုတာပါ။

မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အဖွဲ့အစည်းတွေထဲမှာ အကြမ်းဖက် အဖွဲ့အစည်းတွေအပြင် သတိထားရမယ့် လူ့အခွင့်အရေး အရေခြုံတဲ့ အဖွဲ့အစည်းတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အထောက်အပံ့ခံ မြန်မာနိုင်ငံသား အဖွဲ့ အစည်းတွေနဲ့ သတင်းမီဒီယာတွေလည်း အများအပြား ရှိနေတာကို တွေ့ရပါတယ်။

အမေရိကန်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးနဲ့ ပတ်သက်တဲ့ အချက်တချက်ကို တင်ပြချင်တယ်။ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လာရင် အမေရိကန်အစိုးရဟာ လူတစ်ဦးချင်းရဲ့ အပြုအမူကိုလည်း ခွင့်မလွှတ်ဘူး ဆိုတာကို ပြသနေတဲ့ သာဓက တစ်ခုပါ။ အစွန်းရောက် မူဆလင်တွေ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦကို ၀င်တိုက်အပြီး (9/11) အမေရိကန်မှာ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ သံသယရှိနေတဲ့ လူတစ်ဦးချင်းကို အရေးယူမယ့် ဥပဒေတွေ အများအပြား ပြဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေတွေနဲ့ ငြိစွန်းတဲ့ မြန်မာနိုင်ငံသား အများပြား ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၀၆ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ် ထွက်ခွာမယ့် မြန်မာ့ လက်နက်ကိုင် အဖွဲ့အစည်း အသီးသီးက အနားယူထားတဲ့ ရဲဘော်တွေဟာ အဲဒီဥပဒေနဲ့ ငြိစွန်းပြီး ခုထိ ဒုက္ခသည် စခန်းမှာတွေမှာ နေထိုင် နေကြရပါတယ်။ လက်နက်ကိုင်တဲ့ လူအပြင် လက်နက်ကိုင်တွေကို ရေတစ်ခွက်၊ ထမင်းထုပ် တစ်ထုပ် ကျွေးဖူးတဲ့သူတွေကိုလည်း အကြမ်းဖက်သမားတွေကို ထောက်ပံ့ ကူညီတယ်ဆိုတဲ့ သဘောနဲ့ အမေရိကန် ပြည်ဝင်ခွင့်ကို ငြင်းပယ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဒါက ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီး တစ်ခုက သူ့နိုင်ငံရဲ့ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လာရင် ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်။

ယခုအချိန်မှာ ရခိုင်ပြည်သူတွေရော၊ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ ဘင်္ဂလီတွေ၊ တရုတ်တွေ ၀င်ရောက် အခြေချမှုကြောင့် အမိမြေ လုံခြုံရေးနဲ့ ပတ်သက်တဲ့ ခံစားချက်တွေ တသီတတန်းကြီး ဖြစ်ပေါ်နေပါတယ်။ ဒီလို ခံစားချက်တွေ ဖြစ်ပေါ်လာတဲ့ အခါမျိုးမှာ လက်နက်ကိုင် တပ်ဖွဲ့ကို အားကိုးလာတဲ့ အခြေအနေတွေ ဖြစ်ပေါ်တတ်ပါတယ်။

 ဥပမာ ဒီနေ့ ရခိုင်လူမျိုးတွေရဲ့ ခံစားချက်မှာ သူတို့ကို တင်းပြည့် ကျပ်ပြည့် ကာကွယ်ပေးမှု၊ ဘ၀ လုံခြုံစေမှု တွေကို လိုချင်နေကြ ပါတယ်။ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အလေးထားတဲ့ ပြည်တွင်းအစိုးရနဲ့၊ တပ်မတော်ကို အထူး လိုအပ်နေတာပါ။
တနည်း ပြောရရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကှို ဗန်းပြပြီး ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်မယ့် ဘယ်စနစ်မျိုး၊ ဘယ်အဖွဲ့အစည်း မျိုးကိုမှ မလိုလားကြပါဘူး။  ပြည်သူတွေကြားထဲမှာ ဒီလိုခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့ရင် နုနယ်လှတဲ့ မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ ကိုပါ ထိခိုက်လာနိုင်စရာ ရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေက အင်အားချည့်နဲ့နေတဲ့ လူနာလို ဖြစ်နေချိန်မှာ ကမ္ဘာ့အဖွဲ့အစည်းကြီးတွေ၊ ဒေသဆိုင်ရာ အဖွဲ့ အစည်းတွေ၊ ဘာသာရေးအခြေခံ အဖွဲ့အစည်းတွေက လူ့အခွင့်အရေး ဗန်းပြပြီး ဘင်္ဂလီအရေးကို ကမ္ဘာ့အရေးလိုမျိုး ဖြစ်အောင် ဖန်တီးလာနေခြင်းနှင့် အစွန်းရောက် အစ္စလာမ်မစ်အဖွဲ့တွေရဲ့ အခြေအနေက မြန်မာနိုင်ငံရဲ့ အမျိုးသား လုံခြုံရေးကို တိုက်ရိုက် ခြိမ်းခြောက် လာနေပြီ ဆိုတာ တိုင်းရင်းသားစုံ မြန်မာ တမျိုးသားလုံး အမျိုးသားရေး သတိရှိဖို့လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ပါတယ်။

လှရွှေ

ref: FB 

No comments:

Post a Comment