Friday 27 July 2012

လန်ဒန်အိုလံပစ်မှာ မြန်မာ့အားကစား မှတ်ကျောက်တင်နိုင်မလား

ရေးသားသူ-ဗိုလ်ဗိုလ်ဝင်း

ကမ္ဘာတစ်ဝန်းလုံးမှ အားကစား သမားများ ပါဝင်ဆင်နွှဲမည့် အကြိမ်(၃၀)မြောက် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲကြီးကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ဇူလိုင်လ ၂၇ရက်မှ သြဂုတ်လ ၁၂ ရက် ထိ ကျင်းပမည်ဖြစ်သည်။ နိုင်ငံပေါင်း ၂၀၅ နိုင်ငံမှ အားကစားသမား ပေါင်း  ၁၀၅၀၀  ၀န်းကျင် ၀င် ရောက်ယှဉ်ပြိုင်မည့် အဆိုပါပြိုင် ပွဲကြီးသို့ မြန်မာနိုင်ငံမှ အားကစားနည်းငါးမျိုးမှ အားကစားသမား
 ခြောက်ဦး ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။


     မြားပစ်၊ သေနတ်ပစ်၊ လှေ လှော်၊ ဂျူဒိုအားကစားနည်းတို့မှ အားကစားသမားတစ်ဦးစီနှင့် ပြေး ခုန်ပစ်အားကစားနည်းမှ အားက စားသမားနှစ်ဦး ၀င်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်သည်။ လေးနှစ် တစ်ကြိမ်ကျင်းပခဲ့သည့် အဆိုပါ ပြိုင်ပွဲကြီးကို ၁၈၉၆ ခုနှစ်က ဂရိ နိုင်ငံ အေသင်မြို့တွင် ပထမအ ကြိမ် စတင်ကျင်းပခဲ့ပြီး ၂၀၁၂ ပြိုင်ပွဲအရောက်တွင် အကြိမ်(၃၀) မြောက် ပြိုင်ပွဲဖြစ်လာခဲ့သည်။ သို့ သော် ၁၉၁၆ တွင် ပထမကမ္ဘာစစ် နှင့် ၁၉၄၀၊ ၁၉၄၄ ခုနှစ်များတွင် ဒုတိယကမ္ဘာစစ်ပွဲများကြောင့် အို လံပစ်ပြိုင်ပွဲများ မကျင်းပဖြစ်ခဲ့ သော်လည်း ပြိုင်ပွဲအကြိမ်အရေ အတွက်ကိုမူ ထည့်သွင်းရေတွက်ခဲ့ သည်။

    မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိသည့် ၁၉၄၈ ခုနှစ်တွင် ဗြိတိန် နိုင်ငံ လန်ဒန်မြို့၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် အိုလံပစ်ပြိုင် ပွဲ၌ မြန်မာအားကစားသမားအဖွဲ့ အနေဖြင့် ပထမဆုံးအကြိမ် ၀င် ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ သို့သော် မြန်မာလူမျိုး အားကစား သမားတစ်ဦးအနေဖြင့် အိုလံပစ်ပြိုင်ပွဲသို့  ပထမဆုံးဝင်ရောက် ယှဉ်ပြိုင်သည့် ပြိုင်ပွဲမှာ ၁၉၃၆ ခုနှစ်၊ ဂျာမနီနိုင် ငံ ဘာလင်မြို့တွင် ကျင်းပခဲ့သည့် (၁၁)ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲဖြစ်ပြီး မြန်မာ အလေးမအားကစားသမား ဇော်ဝိတ်ကြီးဝင်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ယင်းအချိန်က မြန်မာနိုင်ငံမှာ လွတ်လပ်ရေး မရမီအချိန်ဖြစ်ပြီး အိန္ဒိယ လက်အောက်ခံအဖြစ်သာရှိနေသေး သောကြောင့် ဇော်ဝိတ်ကြီးသည် အိန္ဒိယကိုယ်စားပြု အားကစား သမားအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ရခြင်းဖြစ်သည်။

    အိုလံပစ်ပြိုင်ပွဲ သက်တမ်း တစ်လျှောက်တွင် မြန်မာအားက စားသမားများအနေဖြင့် ရွှေ၊ ငွေ၊
 ကြေးဆုတံဆိပ် ရရှိခဲ့ဖူးခြင်းမရှိ သေးသော်လည်း ၁၉၇၂ ခုနှစ် ဂျာ မနီနိုင်ငံ မြူးနစ်မြို့တွင်
ကျင်းပခဲ့ သည့် အကြိမ်(၂၀)မြောက် အိုလံ ပစ်ပြိုင်ပွဲတွင် မြန်မာဘောလုံးအ သင်းသည် အသန့်ရှင်းဆုံးအသင်း ဆုရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန် မာဘောလုံးအသင်းသည် ဆူဒန် အသင်းကို အနိုင်ရရှိခဲ့ပြီး မက္ကဆီ ကိုနှင့် ဆိုဗီယက်ပြည်ထောင်စုအ သင်းအား ရှုံးနိမ့်ခဲ့ပြီး အုပ်စုအ ဆင့်မှ ထွက်ခဲ့ရသော်လည်း ပြိုင်ပွဲ ၏ အသန့်ရှင်းဆုံးဆုကို ရရှိခဲ့သည်။ မြန်မာအလေးမ အားက စားသမား အောင်ကြီးသည်လည်း ဖယ်သာဝိတ်တန်းတွင် ၁၀၅ ကီလို မကာ ကမ္ဘာ့စံချိန်ချိုးနိုင်ခဲ့သော် လည်း အခြားအားကစားသမား များက ယင်းစံချိန်ကို ထပ်မံချိုး နိုင်ခဲ့သည့်အတွက် မြန်မာအား ကစားသမားများ၏ ကမ္ဘာ့စံချိန်သစ်မှာ မိနစ်ပိုင်းသာကြာခဲ့သည်။ အောင်ကြီးသည် ယင်းပြိုင်ပွဲတွင် ဆုတံဆိပ်မရရှိခဲ့သော်လည်း ၎င်း၏စံချိန်မှာ ကမ္ဘာ့စံချိန်မှတ်တမ်း ဖြစ်ခဲ့ကြောင်း၊ ထို့ပြင် ယင်းပြိုင် ပွဲသည်လည်း အိုလံပစ်ပြိုင်ပွဲ
တစ် လျှောက်တွင် မြန်မာအားကစား အဖွဲ့၏ အအောင်မြင်ဆုံးနှစ်ဖြစ် ခဲ့ကြောင်း မြန်မာနိုင်ငံအိုလံပစ်
 ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ၁၉၄၈ လန်ဒန်အိုလံပစ်ပြိုင် ပွဲမှ စတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည့် မြန်မာအားကစားအဖွဲ့အ နေဖြင့် ၁၉၇၆ ခုနှစ်၊ ကနေဒါနိုင် ငံ မွန်ထရီရယ်လ်မြို့တွင် ကျင်းပ ခဲ့သည့် (၂၁)ကြိမ်မြောက် အိုလံ ပစ်ပြိုင်ပွဲမှလွဲ၍ ဆက်တိုက်ပါဝင် ယှဉ်ပြိုင်လာခဲ့ပြီး ယခုနှစ် လန်ဒန် အိုလံပစ်ပြိုင်ပွဲအထိ (၁၆)ကြိမ် မြောက် ၀င်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ လက်ရှိအနေအထား အရ မြန်မာ့အားကစား၏ လန် ဒန်အိုလံပစ်ခရီးစဉ်သည် ပြိုင်ပွဲ အတွေ့အကြုံ ရှာဖွေမည့် ပြိုင်ပွဲသာဖြစ်နေဦးမည်ဖြစ်ပြီး၊
အကောင်း ဆုံးရလဒ်အတွက်သာ ကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများက ဆို သည်။ ထို့ပြင် ယခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲဝင် မြန်မာ အားကစားသမားများသည် လက် ရည်စစ်ပွဲ
 အောင်မြင်ခဲ့ခြင်းမဟုတ် သော်လည်း ၀င်ရောက်ယှဉ်ပြိုင် ခွင့်ရရှိရန် အဆိုပြုခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခြင်းဖြစ်ကြောင်းသိရသည်။

    အိုလံပစ်ပြိုင်ပွဲကြီးတွင် ကမ္ဘာတစ်ဝန်းမှ အားကစားသ မားများအားလုံး ပါဝင်ဆင်နွှဲနိုင် ရန် ရည်ရွယ်ချက်ဖြင့် ၂၀၀၀ ပြည့် နှစ်မှစတင်၍ အပြည်ပြည်ဆိုင် ရာအိုလံပစ်ကော်မတီ၊ အပြည် ပြည်ဆိုင်ရာအားကစားအဖွဲ့ချုပ်၊ သက်ဆိုင်ရာ အမျိုးသားအိုလံပစ် ကော်မတီတို့ ပူးပေါင်းဖွဲ့စည်း၍ တစ်နိုင်ငံလျှင် အားကစားသမား ခြောက်ဦးအား လက်ရည်စစ်ပွဲ မအောင်မြင်သော်လည်း ၎င်းင်းတို့ ၏ စံချိန်မှတ်တမ်းများ အဆိုပြု စေကာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြု စေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

    အားကစားနည်းပေါင်း ၂၆ မျိုး ထည့်သွင်းကျင်းပမည့် ၂၀၁၂ အိုလံပစ်အားကစားပြိုင်ပွဲတွင်
 မြန်မာအားကစားအဖွဲ့၌  နေမျိုး အောင်က မြားပစ်အားကစား နည်ျးွနခကမလန အမျိုးသားတစ်ဦး ချင်း ရှုံးထွက်ပြိုင်ပွဲတွင်လည်း ကောင်း၊ လှေလှော်အားကစား နည်းတွင် ရွှေဇင်လတ်က အပြည် ပြည်ဆိုင်ရာ အမျိုးသမီးတစ် ယောက်လှော်(မီတာ ၂၄၀၀၀)ပြိုင် ပွဲတွင်လည်းကောင်း၊ ဂျူဒိုအားက စားနည်းတွင်
 အေးအေးအောင် က အမျိုးသမီး(-၇၈)ကီလိုတန်း တွင်လည်းကောင်း၊ သေနတ်ပစ် အားကစားနည်းတွင်
 မောင်ကြူ က ၁၀ မီတာ လေပစ္စတိုပစ်ပြိုင်ပွဲ တွင်လည်းကောင်း၊ ပြေးခုန်ပစ် အားကစားနည်းတွင် နီလာစန်းက မာရသွန်ပြိုင်ပွဲနှင့် သက်ဇော်ဝင်း က မီတာ ၄၀၀ ပြိုင်ပွဲတွင်လည်း ကောင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူး သူများဖြစ်ပြီး နှစ်ကြိမ်ဆက်တိုက် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်
သည်။
    'မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည်'ဟု   နှစ်ပေါင်း ၄၀ ကျော်အတွင်း အိမ်ရှင်အဖြစ်
 ပြန်လည်ကျင်းပခွင့် ရရှိတော့မည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲ က မြန်မာ့အားကစားကို အတန် ငယ်နိုးထစေခဲ့သော်လည်း မျိုး ဆက်ပြတ်နေခြင်း၊ ကိုယ်ခန္ဓာကြံ့ ခိုင်မှုအားနည်းနေခြင်းနှင့် ပံ့ပိုးမှု အားနည်းချက်များ ရှိနေခြင်းတို့ ကလည်း မြန်မာ့အားကစားကို စိန်ခေါ်ဆဲရှိကြောင်း အားကစား
 လေ့လာသူများက  သုံးသပ်ကြ သည်။

ထို့ကြောင့် နိမ့်ကျနေသည့် မြန်မာ့အားကစားကို ပြန်လည် မြှင့်တင်ရန်အတွက် စနစ်ကျသည့် ရေရှည်စီမံချက်
 လိုအပ်မည်ဖြစ် ကြောင်း၊ အားကစားအောင်မြင် နေသည့် နိုင်ငံများသို့လည်း လေ့လာမှုများပြုလုပ်ကာ ကိုက်ညီ သည့်နည်းလမ်းများ အတုယူ ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အခြေ ခံကျသည့် ကျောင်းပြိုင်ပွဲများကို
 ပြန်လည်မွေးထုတ်ကာ လူငယ် များ အားကစားကို စိတ်ဝင်စား မှုရှိလာစေရန် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်မီသည့် အားကစား ဆရာများ ပေါ်ထွက်လာစေရေးအ တွက် နိုင်ငံတကာသို့ စေလွှတ် သင့်ကြောင်း အားကစားလေ့လာ စောင့်ကြည့်သူတစ်ဦးကလည်း သုံးသပ်သည်။

    ''တစ်ချိန်က အာရှနဲ့ အရှေ့ တောင်အာရှမှာ အောင်မြင်ခဲ့တဲ့ ဘောလုံးအားကစားနည်းကို ငွေ ကုန်ကြေးကျ အများကြီးခံပြီး ပြု လုပ်နေသလိုပဲ တခြား အောင် မြင်ခဲ့တဲ့ အားကစားနည်းတွေအ တွက်လည်း တကယ်အားစိုက်ပြီး လုပ်သင့်ပါတယ်။ တကယ်ဆိုရင် မြန်မာအားကစားသမားတစ်ဦးရဲ့
 နိုင်ငံတကာ ရွှေတံဆိပ်တစ်ခုက တခြားနိုင်ငံတွေထက် ပိုတန်ဖိုးရှိ ပါတယ်။ အခက်အခဲအခြေအနေ များကြားထဲက ကြိုးစားရုန်းကန် ပြီး ရတဲ့ဆုတံဆိပ်ဖြစ်လို့ပါ။ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခြေ အနေနဲ့အတူ အားကစားလောက ကြီးလည်း ပြောင်းလဲတိုးတက်လာ မယ်လို့ မျှော်လင့်ပါတယ်''ဟု မြန် မာ့အားကစားလောကနှင့်နီးစပ် သည့် အားကစားပရိသတ်တစ်ဦး က ၎င်းင်း၏မျှော်လင့်ချက်ကိုပြော ကြားသည်။

    ''လူမှန်၊ နေရာမှန်ဖြစ်ဖို့ လည်းလိုပါတယ်။ အားကစားဆို တာ ရေတိုလုပ်လို့လည်းမရပါဘူး။  မှန်ကန်တဲ့ပြောင်းလဲမှုနဲ့ စတင်နိုင် မှသာ မြန်မာ့အားကစား ပြန် လည်နိုးထလာနိုင်မှာဖြစ်ပြီး မြန် မာ့အားကစားမှ ကမ္ဘာ့အားကစား သို့ ဆောင်ပုဒ်ကလည်း ပိုအသက် ၀င်စေမှာဖြစ်ပါတယ်။ အဓိကက တော့ နိုင်ငံတော်ရဲ့ ပံ့ပိုးအားပေး မှုက အရေးကြီးဆုံးပါပဲ''ဟု မြန်မာ့ အားကစား
 လေ့လာသုံးသပ်သူတစ်ဦးကပြောသည်။

    မည်သို့ပင်ဆိုစေ လန်ဒန်အို လံပစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ကြမည့် မြန်မာအားကစားသ မားခြောက်ဦးအနေဖြင့် အိုလံပစ် ဆုတံဆိပ်က      ၎င်းင်းတို့အတွက် အလှမ်းကွာဝေးဆဲဖြစ်သော်လည်း အကောင်းဆုံး ကြိုးစားလေ့ကျင့် လျက်ရှိကြောင်း တညီတညွတ် တည်းပြောဆိုပါသည်။ သို့သော် ၂၀၁၆ ခုနှစ် ဘရာဇီးအိုလံပစ် ပြိုင်ပွဲနှင့် လာမည့် အနာဂတ်အိုလံပစ်အားကစားပြိုင်ပွဲများတွင်  ဆုတံဆိပ်မျှော်မှန်းချက်များက မှေးမှိန်နေသေးသော်လည်း လက်တွေ့ဖြစ် လာရန်အတွက်မူ ပစ္စုပ္ပန် လုပ်ဆောင်ချက်များက အနာဂတ် ပြိုင်ပွဲများအတွက် ပုံဖော်ပေးမည်သာဖြစ်ပါသည်။

7daynews မှ ကူးယူဖော်ပြပါသည် ။

No comments:

Post a Comment