Wednesday 2 December 2015

အော်ပရေတာများနှင့် မိုဘိုင်းဖုန်းထုတ်ကုန်များတွင် ယူနီကုတ်မဖြစ်မနေသုံးရန် ဆောင်ရွက်မည်

ဆက်သွယ်ရေးအော်ပရေတာများနှင့် မိုဘိုင်းဖုန်းကဲ့သို့ နည်းပညာထုတ်ကုန်များတွင် ယူနီကုတ် (Unicode) စနစ်ကို မဖြစ်မနေအသုံးပြုရန် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ညွှန်ကြားချက်ထုတ်ပြန်ဆောင်ရွက်မည်ဖြစ်ကြောင်း
မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် National Language Processing (NLP) သုတေသနဌာနမှ သတင်းရရှိသည်။

‘‘အော်ပရေတာတွေနဲ့ မိုဘိုင်းဖုန်းတွေလို ထုတ်ကုန်တွေမှာ ယူနီကုတ်ကို မဖြစ်မနေသုံးဖို့အတွက်
ညွှန်ကြားချက်ထုတ်ပြန်ပေးသွားဖို့အတွက် ဝန်ကြီးဌာနနဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အော်ပရေတာတွေက မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို မြန်မာစာနဲ့ SMS တွေ ပို့တဲ့အခါမှာ ယူနီကုတ်ကိုမသုံးဘဲ ဇော်ဂျီတစ်မျိုးတည်းကိုသာ သုံးနေတဲ့အတွက် အခုလိုစီစဉ်ရတာဖြစ်ပါတယ်’’ဟု NLP သုတေသနဌာန၏ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးထွန်းသူရသက်က ပြောသည်။

အဆိုပါ ညွှန်ကြားချက်ထုတ်ပြန်ရာ၌ လက်ရှိတွင် လူသုံးအများဆုံးဖြစ်သည့် ဇော်ဂျီမြန်မာစာစနစ်ကို လုံးဝမသုံးရန် တားမြစ်ခြင်းမျိုးမဟုတ်ဘဲ စံစနစ်ဖြစ်သည့် ယူနီကုတ်ကို လူသုံးများလာစေရန်နှင့် ရွေးချယ်အသုံးပြုနိုင်ရန် နည်းပညာထုတ်ကုန်အားလုံးတွင် မဖြစ်မနေထည့်သွင်းအသုံးပြုရေးအတွက်ကိုသာ ဦးတည်ဆောင်ရွက်မည်ဖြစ်သည်။

‘‘အဓိကက ဆက်သွယ်ရေးအော်ပရေတာတွေပဲ MPT လို အစိုးရအော်ပရေတာကိုယ်တိုင်ကတောင် ဖုန်းသုံးတဲ့လူတွေဆီ SMS ပို့ပြီး အကြောင်းကြားတဲ့အခါမှာ ဇော်ဂျီနဲ့ပဲ ပို့နေတဲ့အတွက် စံစနစ်ဖြစ်တဲ့ ယူနီကုတ်ကို သုံးနေတဲ့လူတွေက ဖတ်မရတဲ့ပြဿနာတွေ ကြုံတွေ့နေရပါတယ်’’ဟု ဦးထွန်းသူရသက်က ပြောသည်။

NLP သုတေသနဌာနအနေဖြင့် ညွှန်ကြားချက်ထုတ်ပြန်ခြင်းကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးကော်မရှင်တို့ဖြင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယူနီကုတ်စနစ်ကို လူသုံးများလာစေရန် သုတေသနလုပ်ငန်းများပြုလုပ်လျက်ရှိပြီး နိုင်ငံတကာနည်းပညာကုမ္ပဏီများဖြစ်သည့် ဂူးဂဲလ်၊ မိုက်ကရိုဆော့ဖ်စသည့် ကုမ္ပဏီများဖြင့်လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်သည်။
7 day

No comments:

Post a Comment