Wednesday 2 December 2015

ပုပ်ပွနေသည့် အလောင်းများ ပါရှိသည့် ပိုင်ရှင်မဲ့ ရေမျောကမ်းတင် လှေများကိစ္စ ဂျပန်စုံစမ်းနေ

ပုပ်သိုးဆွေးမြေ့နေသည့် ရုပ်အလောင်းများကို တင်ဆောင်ကာ ဂျပန်ကမ်းခြေသို့ တဖွဲဖွဲ ဆိုက်ရောက်လာသည့် ပိုင်ရှင်မဲ့ လှေများနှင့် ပတ်သက်၍ အာဏာပိုင်များက ဖြေရှင်းရန် ခက်ခဲနေဆဲဟု သိရသည်။
ပြီးခဲ့သည့် နှစ်လအတွင်း ဂျပန်ပင်လယ်ဖက်မှ မျောပါလာသည့် သစ်သားလှေ ၁၂ စီးထက်မနည်း ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လှေများထဲတွင် တင်ဆောင်လာသည့် အရာများက စက်ဆုပ်ခြောက်ခြားစရာ
ဖြစ်နေပြီး ပုပ်သိုးပျက်စီးနေသည့် အလောင်း ၂၂ လောင်းဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ် တာဝန်ရှိသူ တစ်ဦးက အလောင်းအားလုံးမှာ တစ်ဝက်တစ်ပျက်ပင် အရိုးကျနေပြီဖြစ်ပြီး နှစ်ဦးမှာ ဦးခေါင်းများ မရှိတော့ဟု ပြောကြားခဲ့သည်။ လှေတစ်စီးပေါ်တွင်မူ ဦးခေါင်းခွံ ခြောက်လုံးကို
တွေ့ခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။ ပထမဆုံးလှေကို အောက်တိုဘာလက စတင်တွေ့ရှိပြီး နောက်ပိုင်းတွင် အခြားလှေများ ရက်ခြားပြီး ထပ်ရောက်လာခြင်း ဖြစ်သည်။
ဂျပန်ရဲတပ်ဖွဲ့နှင့် ကမ်းခြေစောင့် တပ်ဖွဲ့သည် အဆိုပါ လှေများ၏ မူလရင်းမြစ်ကို အဖြေမရှာနိုင်သေးသလို လှေပေါ် ပါလာသူများ အနေဖြင့် မည်သည့် ကြမ္မာဆိုးမျိုး ကြုံခဲ့သည်ကို မခန့်မှန်းနိုင်သေးချေ။ လတ်တလောတွင် အဆိုပါ လှေများသည် မြောက်ကိုရီးယားမှ ခရီးစတင်ခဲ့သည်ဟုသာ မရေမရာ ခန့်မှန်းထားနိုင်သည်။
ပုပ်ပွနေသည့် အလောင်း ၁၀ လောင်းကို တင်ဆောင်လာသည့် လှေတစ်စီး၏ ဝမ်းထဲတွင် ကိုရီးယားစာ အချို့ကို တွေ့မြင်ခဲ့ရခြင်းကြောင့် ယခုလို သုံးသပ်ထားခြင်း ဖြစ်သည်။ အဆိုပါ လှေသည် နိုဝင်ဘာ ၂၀ က ဂျပန်အနောက်ဖက် ကမ်းခြေမြို့ ဝါဂျီမာ အနီးတွင် လာရောက် သောင်တင်နေသည့် လှေသုံးစီးအနက်တွင် အပါအဝင် ဖြစ်သည်။
လှေဝမ်းတွင် တွေ့ရှိရသည့် စာသားမှာ ကိုရီးယား ပြည်သူ့တပ်မတော် ဟူ၍ဖြစ်ပြီး ယင်းသည် မြောက်ကိုရီးယား၏ စစ်တပ်ကို ခေါ်ဝေါ်သော အသုံးအနှုန်း ဖြစ်သည်။ လှေတစ်စီးပေါ်တွင် အဝတ်စုတ် အစိတ်အပိုင်း တစ်ခုကို တွေ့ရပြီး ယင်းသည်လည်း မြောက်ကိုရီးယား အလံ၏ အပိုင်းအစတစ်ခု ဖြစ်နိုင်ကြောင်း ဂျပန်၏ NHK သတင်းဌာနက ဖော်ပြခဲ့သည်။
“ကျွန်တော်ကတော့ ဒါဟာ မြောက်ကိုရီးယားတွေပဲ ဆိုတာ သံသယ မရှိပါဘူး”ဟု Chatham House နိုင်ငံရေး ပညာဌာနမှ အာရှဒေသဆိုင်ရာ အကြီးအကဲ ဂျွန်နီလ်ဆင်ရိုက်က CNNသို့ ပြောကြားခဲ့သည်။ ပင်လယ်ရေကြောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ယိုရှီဟီကို ယာမာဒါက အဆိုပါ လှေပေါ်တွင် ပါလာသူများသည် မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရ လက်အောက်မှ တိမ်းရှောင်ထွက်ပြေးရန် ကြိုးစားသူများ ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
၎င်းက လှေများတွင် အသုံးပြုထားသည့် သစ်သားများသည် လေးလံလွန်းပြီး နှေးကွေး ထိုင်းမှိုင်းစွာသာ ရွေ့လျားနိုင်ကြောင်း၊ ရေစီးကြောင်းဒဏ်ကို ခံနိုင်ရည် မရှိနိုင်ကြောင်းလည်း ဆိုသည်။ NHK အပါအဝင် အခြားသော ဂျပန်သတင်းဌာန အချို့ကမူ အဆိုပါ လှေများသည် ပင်လယ်ပြင်တွင် လမ်းပျောက်သွားသည့် ငါးဖမ်းလှေများ ဖြစ်မည်ဟု ခန့်မှန်း ဖော်ပြခဲ့ကြသည်။
ရိုက်က သတင်းအချက်အလက် အကန့်အသတ်ဖြင့်သာ ရှိနေသည့် အနေအထားတွင် ဖြစ်ရပ်ကို တိတိကျကျ အဖြေထုတ်ရန် ခက်ခဲလိမ့်မည်ဟု ဆိုသည်။ “ဖြစ်နိုင်တာကတော့ မြောက်ကိုရီးယားက ထွက်ပြေးလာကြတာ နေပါလိမ့်မယ်။ အဲဒီမှာ ရှင်သန် ရပ်တည်ရတဲ့ ဘဝက အရမ်း ကြမ်းတမ်း ခက်ခဲတယ်လေ။ နိုင်ငံရေးအရ လွတ်လပ်ခွင့်ကို လိုလားသူတွေက မြောက်ကိုရီးယားကို အရဲကိုး စွန့်ခွာချင်ကြမှာပဲ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
ရိုက်က တရုတ်နယ်ခြားကို ဖြတ်ကျော်သည့် ယခင်လမ်းဟောင်းတွင် အစောင့်အကြပ်များ ပိုမိုထူထပ်လာပြီး အခက်အခဲ ကြီးမားလာခြင်းကြောင့် မြောက်ကိုရီးယားမှ ထွက်ပြေးသူများ အနေဖြင့် အန္တရာယ်ပိုများသည့် ပင်လယ်ပြင် လမ်းကြောင်းကို ရွေးချယ်လာခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောကြားသွားခဲ့သည်။
Ref: CNN

No comments:

Post a Comment