Wednesday 2 December 2015

လမ်းစပျောက်နေသော ဦးဘကြည်၏ လေဆိပ်ပန်းချီ’’

ပန်းချီကားအုတ်နံရံကို ပိုင်းဖြတ်နေကြစဉ်။
 တစ်ချိန်က ခမ်းနားခဲ့သည့် အတိတ်ကို အရသာခံပြီးပြောကြသည့် မြန်မာတို့၏စကားဝိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က မပါမဖြစ်။
ရန်ကုန်မြို့လယ်မှ ၁၀ မိုင်ခန့်ဝေးပြီး မင်္ဂလာဒုံမြို့နယ်တွင်ရှိသည့် လေဆိပ်သည် ၁၉၅၀ ပြည့်နှစ်နှင့် အနီးတစ်ဝိုက်နှစ်ကာလများ၌ အရှေ့တောင်အာရှ၏ အကောင်းဆုံးနှင့် ခေတ်အမီဆုံး လေဆိပ်ဖြစ်ခဲ့သည်။
ထိုကာလများတွင် လေဆိပ် အကြောင်းပြောတိုင်း ချန်ထား၍ မရသည်က လေဆိပ်နံရံများပေါ်မှ ပန်းချီကားများ၊ လေဆိပ်နှင့် နံရံထက်က မြန်မာမှုပန်းချီကားများသည် ခွဲမရသည့် အမှတ်သင်္ကေတတစ်ခု။ အခုတော့ နှစ်ခုစလုံး အတိတ်တွင် ချန်ခဲ့ရတော့မည်။ ယနေ့ခေတ်တွင် လေဆိပ်သည် အရှေ့တောင်အာရှ၏ ထိပ်တန်းလေဆိပ်စာရင်းမှ ဖယ်ရှားခံခဲ့ရပြီ ဖြစ်သလို နံရံဆေးရေး ပန်းချီကားများသည် လည်း လေဆိပ်နံရံများထက်ဆီက ဖယ်ရှား ခံလိုက်ရပြီ ဖြစ်သည်။
ရန်ကုန်လေဆိပ်တွင် ရေးဆွဲထားသော ပန်းချီဆရာကြီး ဦးဘကြည် ၏ နာမည်ကျော်နံရံဆေးရေး ပန်းချီကားများသည် ကုန်လွန်ခဲ့သည့် ၂၀၁၄ နှစ်လယ်ပိုင်း၌ မွေးနေ့ကိတ်မုန့်လှီးသလို အပိုင်းပိုင်း ခွဲခံလိုက်ရသည်။ ပန်းချီကား၏ အချို့အစိတ်အပိုင်းများသည် လုံးဝပျက်စီးသွားခဲ့သည်။ ထိုအချိန်မှ စတင်ပြီး လေဆိပ် ပန်းချီကားများသည် လူမြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။

လေဆိပ်နှင့် ပန်းချီကားများ တွဲလျက်ရှိသော်လည်း အချိန်ကြာ လာသည်နှင့်အမျှ တန်ဖိုးချင်းက ခြားနားခဲ့သည်။ လေဆိပ်အဆောက်အအုံသည် နှစ်ကြာလာသည်နှင့် အမျှ ခေတ်မမီတော့သည့် အဆောက်အအုံတစ်ခု အဖြစ် သတ် မှတ်ခံရသော်လည်း လေဆိပ်နံရံထက်က ပန်းချီကားများသည် အချိန်ကြာလေ တန်ဖိုးတက်လာလေ ဖြစ်ခဲ့သည်။

အနုပညာရော ငွေကြေးအရပါ တန်ဖိုးမဖြတ်နိုင်သည့် ဦးဘကြည်၏ လေဆိပ်ပန်းချီကားများသည် ရန်ကုန်လေဆိပ်သစ် ဆောက်လုပ်ရန် လေဆိပ်ဟောင်းကို ဖြိုဖျက်သည့် အစီအစဉ်နှင့်အတူ ဖြိုဖျက်ခံလိုက်ရသည်။

ခရီးသည် သန်းပေါင်းများစွာ ၀င်ထွက် သွားလာနိုင်ရန် ရည်ရွယ်သည့် ရန်ကုန်လေဆိပ်သစ် ဆောက်လုပ်ရေးစီမံကိန်းကို အစိုးရက ၂၀၁၃ အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ အဆိုပါ အစီအစဉ်တွင်
လေဆိပ်ဟောင်းကို ဖြိုချရမည့် လုပ်ငန်းလည်း အပါအ၀င် ဖြစ်သည်။

စီမံကိန်းကို စတင်ထုတ်ဖော် ပြောကြားစဉ်က လေဆိပ် အဆောက်အအုံဟောင်း၏ နံရံထက်တွင် ရှိနေသည့် ဦးဘကြည်၏ ပန်းချီကားများကို ‘‘မူလလက်ရာမပျက်စေရန် ကြိုးစားမည်’’ဟု အစိုးရအရာရှိများက သတင်းမီဒီယာ များအား ပြောကြားခဲ့သည်။ ဦးဘကြည်၏ မိသားစုဝင်အချို့နှင့် ပန်းချီပညာရှင်များကို ခေါ်ယူကာ တိုင်ပင်ခဲ့သည်။



‘‘ကျွန်တော်တို့ကိုခေါ်ပြီး အကြံဉာဏ် တောင်းတုန်းကတော့ အတိအကျ ကန့်ကွက်ခဲ့တယ်။ လုံးဝမဖျက်ပါနဲ့လို့’’ဟု ထိုစဉ်က မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး အတွင်းရေးမှူးအဖြစ် အစိုးရ အရာရှိများနှင့် အတူ ဆွေးနွေးခဲ့ သည့် ဦးနီပိုဦးက ပြောသည်။
သို့သော်လည်း ဆွေးနွေးမှုများအပြီး တစ်နှစ်ကျော်အကြာ ၂၀၁၄ တွင် ဦးဘကြည်၏ ပန်းချီကားများကို ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်များ အတွင်းက ဦးဘကြည်၏ ပန်းချီ ကားရွှေ့ပြောင်းမှုကို မျက်မြင်တွေ့ရှိသူအချို့နှင့် 7Day News က သီးသန့်တွေ့ဆုံခွင့်ရခဲ့သည်။
၎င်းတို့၏ အဆိုအရ လေဆိပ်နံရံများထက်မှ ပန်းချီကားများသည် အနည်းဆုံးအပိုင်း ၃၀ ထက် မနည်းလှီးဖြတ် ခံခဲ့ရသည်ဟု ဆိုသည်။

လုပ်ငန်းခွင်အတွင်းမှ ရှားရှားပါးပါး ထွက်ပေါ်လာသည့် ဓာတ်ပုံများထဲတွင် ပန်းချီကားများကို အုတ်ထွင်းစက်များဖြင့် လှီးဖြတ် နေသော အလုပ်သမားများ၊ ဖြတ် တောက်ပြီး ပန်းချီကားများကို ၀န်ချီစက်များဖြင့် အချပ်လိုက်ရွှေ့ပြောင်းနေပုံများကိုလည်း တွေ့မြင်ခဲ့ရသည်။
အမည်မဖော်လိုသူ မျက်မြင် အချို့ကတော့ ပန်းချီကား၏ အချို့ အစိတ်အပိုင်းများသည် လုံးဝပျက်စီး သွားသည်ကို မြင်တွေ့ခဲ့ရ ကြောင်း ပြန်ပြောင်းပြောပြသည်။

လေဆိပ်ပန်းချီများအနက် အကျော်ကြားဆုံးဖြစ်သည့် နာရီစင်ပါသည့် ပန်းချီကားမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ကြောင်း မျက်မြင်များက ပြောကြားသည်။ သို့ သော်လည်း သီးခြားအတည်ပြု ချက် မရသေးပေ။
နာရီစင်ရှေ့တွင် ဆိုင်းဝိုင်းတီးပြီး ကနေခဲ့သည့် သဘင်သည်များ ပါသော အစိတ်အပိုင်းကို ရက်အတော်ကြာ ဖြတ်တောက် သိမ်းဆည်းခြင်းမရှိဘဲ ရာနှုန်းပြည့်နီးပါး ပျက်စီးသွားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
‘‘ဒီအဆောက်အအုံတစ်ခု ဆောက်ဖို့အတွက် ဒီလိုလက်ရာမျိုးကို ခြေမွဖျက်ဆီး ပစ်လိုက်တယ် ဆိုတာ အင်မတန်မိုက်ရိုင်းတဲ့ လုပ်ရပ်ပဲ’ဟု ဦးဘကြည်ကဲ့သို့ပင် ပြင်သစ်နိုင်ငံ ပါရီအမျိုးသား ပန်းချီသိပ္ပံကျောင်းတွင် တက်ရောက်ခဲ့သူ ပန်းချီတင်လှထွန်းက ပြောသည်။

လှီးဖြတ်ထားသော လေဆိပ်မှ ပန်းချီကားများကို ရန်ကုန်နှင့် နေပြည်တော်ရှိ အမျိုးသားပြတိုက်များတွင် ပြသရန် စီစဉ်နေကြောင်း ပန်းချီလောက အသိုင်းအ၀ိုင်း၌ အသိများခဲ့သည်။
နေပြည်တော်သို့ လေဆိပ် ပန်းချီကားများ ရောက်နေသည် ဆိုသည့် သတင်းကို ရှေးဟောင်းသု တေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနက သတင်းအမှားဖြစ်ကြောင်းတုံ့ပြန်ပြီး အသေးစိတ်ကို ရန်ကုန်ရှိ အမျိုးသားပြတိုက်အား မေးမြန်းရန် အကြောင်းပြန်သည်။
ပြည်လမ်းမပေါ်ရှိ အမျိုးသား ပြတိုက်တွင်တော့ လေဆိပ်မှ ရွှေ့ပြောင်းထားသည့် ပန်းချီကားချပ် များနှင့်တူသည့် ကွန်ကရစ်တုံးကြီးများ တွေ့ခဲ့ရသည်။ ပြတိုက် တတိယထပ်ရှိ ပန်းချီပြခန်း အနောက်ဘက်မှ ပိတ်ထားသည့် အခန်းထဲတွင် ဖြစ်သည်။ ကြမ်းပြင်ထက်တွင် သစ်သားပြားများဖြင့် ဖုံးအုပ်ထားသော ကွန်ကရစ်ချပ် ၁၀ ချပ်ထပ်မနည်းရှိနေခဲ့ပြီး နံရံ ထက်တွင်တော့ အဆိုပါ ကွန်ကရစ်ချပ်များ ထားနိုင်လောက်သည့် အတိုင်းအတာ
များဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေသည်။

ရန်ကုန်လေဆိပ်မှ လူသိများလှသည့် နံရံပန်းချီကားများကို လွန်ခဲ့သော နှစ်ပေါင်း ၆၀ ခန့် ၁၉၅၇ တွင် ထိုစဉ်က ရန်ကုန်ပညာရေး တက္ကသိုလ် ကထိကအဖြစ် တာဝန်ယူနေသည့် ပန်းချီဆရာကြီး ဦးဘကြည်က
ရေးဆွဲခဲ့ခြင်း ဖြစ်သည်။
ဒဏ္ဍာရီဇာတ်လမ်းများထဲမှ နဂါး၊ ဂဠုန်နှင့် ဇော်ဂျီများပျံသန်း နေပုံ၊ သစ်ဆွဲဆင်များနှင့် ရက် ကန်းရက်နေသော အမျိုးသမီး များ၊ မြန်မာ့ဆိုင်းဝိုင်းနှင့် နှစ်ပါး သွားကနေဟန်များ၊ ပန်းချီပန်းပု ဆရာများအလုပ်ရှုပ်နေသည့်ပုံစံ များ ထည့်သွင်း ရေးဆွဲထားသည့် ဦးဘကြည်၏ လေဆိပ်ပန်းချီကားများကို မြန်မာ့ပန်းချီလောကသား များက တိုင်းပြည်အတွင်းရှိ အကောင်းဆုံးပန်းချီဆေးရေး လက်ရာတစ်ခုအဖြစ် သတ်မှတ်ထားခဲ့သည်။

ပန်းချီလောကသားအချို့ ကတော့ လေဆိပ်နံရံမှ ပန်းချီကားများသည် ပန်းချီကားတစ်ချပ်ထက်ပိုသည့် ဂန္ထ၀င်မြောက် ဖန်တီးမှုတစ်ခုအဖြစ် လက်ခံထားသည်။ လေဆိပ်နံရံများသည် ပန်းချီဆွဲရန် ရည်ရွယ်ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ပန်းချီကားများကသာ လေဆိပ်နံရံများနှင့် လိုက်လျောညီအောင် ဖန်တီးခဲ့ရခြင်းကြောင့် ဖြစ်သည်။
နံရံပေါ်မှ တကယ့်နာရီများ၊ မီးခွက်များ၊ အက်ကြောင်းများနှင့် မီးပိုက်လိုင်းများကို မျက်စိလှည့်စားပြီး ပန်းချီကားထဲတွင် ထည့်သွင်းရေးဆွဲခဲ့ခြင်းကြောင့် ပန်းချီဆရာကြီးဦးဘကြည်၏ စိတ်ကူးစိတ်သန်း ကိုနှောင်းလူတို့က ချီးကျူးခဲ့ကြသည်။

‘‘နေရူး (အိန္ဒိယ၏ ပထမဆုံး ၀န်ကြီးချုပ်) လာတုန်းက ဒီနိုင်ငံမှာ ဒီလိုပန်းချီဆရာ တစ်ယောက်ရတာ ကံကောင်းလှတယ်ဆိုပြီး ထုတ်တောင်ပြောဖူးတယ်’’ဟု လေဆိပ်ပန်းချီကား၏ ကျော်ကြား မှုကို ရန်ကုန်ပန်းချီ၊ ပန်းပုကျောင်းအုပ်ဟောင်း ပန်းချီလှတင်ထွန်းက ပြောသည်။
လေဆိပ်ပန်းချီသည် တစ်ချိန်က မြန်မာ့နိုင်ငံ၏ အကောင်းတကာ့အကောင်းဆုံးများစုစည်းနေ သည့် တိုင်းပြည်၏ ရတနာတစ်ပါး ဟုလည်း ပန်းချီလှတင်ထွန်းက တင်စားခဲ့သည်။
အကြောင်းက လေဆိပ်နှင့် ပန်း ချီကားကျော်ကြားသလို ပန်းချီကားကို ရေးဆွဲသည့် ပန်းချီဆရာ ဦးဘကြည်သည်လည်း လူသိများလှသည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ပန်းချီလောကနှင့် အလှမ်းကွာသူများ အနေဖြင့် ဦးဘကြည်ဆိုသည့် အမည်မှာ ခပ်စိမ်းစိမ်းဖြစ် နေနိုင်သော်လည်း မြန်မာ့ပန်းချီ လောက အတွက်တော့ ဦးဘကြည်သည် စံပြပန်းချီဆရာ တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။
ယနေ့ခေတ် မြန်မာ့ပန်းချီလောကတွင် ထိပ်တန်း ပန်းချီဆရာအဖြစ် သတ်မှတ်ခံရပြီး လူသိများသည့် ပန်းချီဆရာ အများစုသည် တစ်ချိန်က လေဆိပ်ကိုသွားပြီး ဦး ဘကြည်လက်ရာကို မော့ကြည့်ခဲ့ ပြီး အားကျခဲ့ရသူများ ဖြစ်ခဲ့ကြ သည်။

ဦးဘကြည်၏ ဖန်တီးမှုများသည် သင်ပုန်းကြီးဖတ်စာ မှအစ ၊ရွှေသွေးကာတွန်းများ အလယ်၊ ဘုရားစောင်းတန်းမှ ဗုဒ္ဓ၀င်ပန်းချီ ကားများအဆုံး နေရာအားလုံးတွင် ပျံ့နှံ့သက်ရောက်ခဲ့သည်။ ယနေ့ မြင်တွေ့နေရသော အလှူခံ မဏ္ဍပ်များမှ ဗုဒ္ဓ၀င် ပန်းချီကားများသည် ဦးဘကြည်၏ သြဇာနှင့် မကင်းဘဲ လိုက်လံတုပ ရေးဆွဲခဲ့ကြသည့် ဖန်တီးမှုများဖြစ်ကြောင်း ပန်းချီလောကသားများက သတ်မှတ်ခဲ့သည်။
လေဆိပ်ပန်းချီနှင့် ဦးဘကြည်ကိုတွဲပြီး သိကြသော်လည်း ဦးဘကြည် နာမည်ကြီးသည်မှာ ထို ပန်းချီကားတစ်ခုတည်းကြောင့် မဟုတ်။ ယနေ့ခေတ်တွင် ဈေး ကွက်ထဲတွင် ငွေထုပ်ပိုက်ပြီး လိုက်ရှာလျှင်ပင် ဦးဘကြည်၏ပန်းချီကား အစစ်များ ၀ယ်မရတော့ဟု ပန်းချီလောကသားများက ဆိုသည်။

‘‘သူ့ပန်းချီကားတစ်ချပ်ကို အခုသိန်း ၅၀၀ ပေးမယ်ဆိုရင်တောင် ရောင်းမယ့်သူမရှိဘူး။ ဈေးပေးနိုင်တဲ့သူပဲရှိတာ။ ရောင်းမယ့်သူမရှိဘူး’’ဟု ပန်းချီ လှတင်ထွန်း က ပြောသည်။
ဦးဘကြည်၏ ဖန်တီးမှုများ ကို စုစည်းသိမ်းဆည်းသူများက ပန်းချီကားများသာမက သူရေးဆွဲခဲ့သည့် ရွှေသွေးရုပ်စုံများကိုပင် သိမ်းဆည်းလျက်ရှိသည်။
သူဖန်တီးခဲ့သော အနုပညာ အပိုင်းအစများကိုပင် အသည်းအသန်စုဆောင်းနေချိန်တွင် လေဆိပ်ရှိ ဦးဘကြည်၏ ဧရာမပန်းချီကားသည် ငွေကြေးအားဖြင့် မည်မျှတန်ပါသနည်း။

‘‘သူ့ရေးခဲ့တဲ့ တစ်ပေ၊ နှစ်ပေကားတောင် သိန်းသုံးလေး၊ ငါးရာ ပေးတာတောင်မရနိုင်တာ။ စတု ရန်းပေ ၃,၀၀၀ လောက်ကားက တန်ဖိုးကိုဖြတ်လို့ မရနိုင်တာ’’ဟု ပန်းချီလှတင်ထွန်းက ပြောသည်။
ဦးဘကြည်၏ လက်ရာကို တန်ဖိုးထားသူများအတွက် ပန်းချီကားကြီးကို ဖြတ်ပြီးတော့လည်း စိုးရိမ်ပူပန်မှု ရှိနေဆဲဖြစ်သည်။ တစ်စစီ ဖြတ်တောက် ထားသော ပန်းချီကားကို ပြန်ဆက်ပါက ဦးစီးမည့်သူက ပညာရှင် တစ်ယောက်မဟုတ်ပါက ပန်းချီကားမှာ ဆိုးဆိုးရွားရွားပျက်စီးမှု ထပ်မံကြုံမည့် အရေးဖြစ်သည်။

‘‘ကြွေပန်းကန် တစ်ချပ်ကို ချခွဲကြည့်လိုက်။ ပြန်ဆက်လည်း မူလအတိုင်းဆိုတာ မဖြစ်နိုင်ဘူး။ ဒီပန်းချီကား ပြန်ဆက်မယ်ဆိုလည်း ကျွမ်းကျင်တဲ့ သူရှိလား။ ဒါမျိုးမြန်မာပြည်မှာ အရင်ကလုပ်ဖူးတာမှ မရှိတာ’’ဟု ပန်းချီပညာရှင်တစ်ဦး က ပြောသည်။
တစ်နှစ်လျှင် ခရီးသည်သုံးသန်းခန့် ၀င်ထွက်နိုင်သည့် အခြေအနေမှ နှစ်ဆခန့်ဖြစ်သည့် ခြောက်သန်းအထိ အသုံးပြုနိုင်သည့် လေဆိပ်အဖြစ် အဆင့်မြှင့်သည့် လုပ်ငန်းသည် ၂၀၁၆ အတွင်းပြီးစီးမည်ဟု ခန့်မှန်းထားသည်။

လာမည့် လပိုင်းအတွင်း လေယာဉ်ပေါ်မှ ဆင်းလာမည့် ခရီးသည်များသည် ယခုထက်ပိုမို သက်သောင့်သက်သာ ရှိသော အဆောက်အအုံကို အသုံးပြုရမည် ဖြစ်သည်။နောင်တစ်ချိန် ရန်ကုန်လေဆိပ် ရောက်သည့် ခရီးသည်များ အဖို့ နောက်ဆုံးပေါ် စက်လှေကား (သို့ မဟုတ်) ဓာတ်လှေကားများ၊ ခရီး ဆောင်အိတ် ရွေးသည့် ဆုံလည်စက်ကြီးများနှင့် ခေတ်မီပစ္စည်းများနှင့် ထိတွေ့ခွင့်ရနိုင်သည်။
သို့သော်လည်း လေဆိပ်နံရံများ ထက်တွင်မူ ဆရာကြီးဦးဘကြည်၏ နာမည်ကျော် မြန်မာမှုပန်းချီကားများ ကတော့ ရှိတော့မည်မဟုတ်တော့ပေ,
7Days

No comments:

Post a Comment