Wednesday 2 December 2015

ဆီးချိုဝေဒနာရှင်အမျိုးသမီးများ လေထုညစ်ညမ်းမှုကြောင့် နှလုံးထိခိုက်နိုင်ခြေမြင့်မား

လေထုကိုညစ်ညမ်းစေသော အမှုန်အမျိုးမျိုဝယ် ကြပ်ခိုးအမှုန်များသည် ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းတို့ ကို ဖြစ်စေနိုင်ရာဝယ် ဆီးချိုဝေဒနာအခံရှိပြီး အမျိုးသမီးများ၌ အခြေအနေကို ပို၍ဆိုးရွားစေပြီး နှလုံးထိခိုက်နိုင်ခြေကိုလည်း မြင့်မားစေကြောင်း အမေရိကန်ပြည်ထောင်စု၊ ဟားဗတ်ဆေးတက္ကသိုလ် မှ သုတေသီများက ပြောသည်။
လေထုညစ်ညမ်းမှုဖြစ်တဲ့ နေရာဒေသတွေမှာ ကာလရှည်ကြာ နေထိုင်လာတာနဲ့ အမျှ ကျန်းမာရေးယိုယွင်းပျက်စီးမှု ကလည်း ဆိုးသည်ထက် ဆိုးရွားလာနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုအခံရှိပြီးသူတွေကိုတော့ ခေတ္တမျှသော လေထုညစ်ညမ်းမှု ကလည်း ဆိုးကျိုးအများကြီး ပေးနိုင်ပါတယ်။ လူနေထိုင်မှုပုံစံအရ မီးဖိုချောင်မှာအနေများခဲ့တဲ့ အမျိုးသမီး တွေအနေနဲ့  ဆီးချိုအခံကလည်း ရှိမယ်ဆိုရင် လေထုညစ်ညမ်းမှုကြောင့် နှလုံးကိုပါ တိုက်ရိုက်ထိခိုက်စေနိုင်တာကို တွေ့ ရပါတယ်ဟု ဘော်စတွန် ဗဟိုအမျိုးသမီးဆေးရုံမှ သုတေသီ ဒေါက်တာ ဂျိမ်းအီးဟတ် က ပြောပြသည်။

သုတေသီများက အမျိုးသမီး ၁၁၄၅၃၇ ဦးထက်မနည်းကို အချိန် ၁၀-နှစ်ခန့်  စောင့်ကြည့်လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၉၈၉ မှ ၂၀၀၆ အတွင်း လေထုညစ်ညမ်းမှုနှင့်ဆက်စပ်ပြီး အမျိုးသမီးများ နှလုံးသွေးကြောကျဉ်းရောဂါရရှိမှု ၂၈၇၈ မှု ရှိခဲ့သည့် အနက် ၃၂၉၅ ဦးတွင် လေဖြတ်သည်အထိ အခြေအနေဆိုးဝါးခဲ့ကြောင်း တွေ့ ရှိသည်။ အထူးသဖြင့် ကားအင်ဂျင်တွေ ကနေထုတ်လွှင့်တဲ့မီးခိုးတွေနဲ့  စက်ရုံတွေကထုတ်လွှင့်တဲ့မီးခိုးတွေမှာ ကြပ်ခိုးပါတဲ့အတွက် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒုတိယအဆိုးဆုံးကတော့ လမ်းပေါ်က ဖုန်တွေဖြစ်ပါတယ်ဟု ဂျိမ်း က ရှင်းပြသည်။

ဖော်ပြပါအတိုင်း လေထုညစ်ညမ်းမှုသည် လူတိုင်း၏ကျန်းမာရေးကို ထိခိုက်စေနိုင်ရာဝယ် ဆီးချိုဝေဒနာရှင်အမျိုးသမီး များတွင်မူ လေထုညစ်ညမ်းစေသောအမှုန် ၁၀ မိုက်ခရိုဂရမ်တိုးတိုင်း နှလုံးသွေးကြောကျဉ်းရောဂါရနိုင်ခြေ ၁၀ ရာခိုင်နှုန်း တိုးသွားလေ့ရှိပြီး လေဖြတ်နိုင်ခြေကိုလည်း ၂၃ ရာခိုင်နှုန်း မြင့်မားစေနိုင်ကြောင်း သိရသည်။

ထို့ ကြောင့် အမျိုးသမီးများအနေဖြင့် မိမိသည် ဆီးချိုဝေဒနာရှင်တစ်ဦးဖြစ်နေလျှင် လေထုညစ်ညမ်းမှုကို သာမန်လူ များထက် ခံနိုင်ရည်အထူးနည်းပါးသောကြောင့် လေကိုတိုက်ရိုက်မရှူမိအောင် နှာခေါင်း၊ပါးစပ် အစရှိသည်တို့ ကို လိုအပ်သလို အုပ်ထားခြင်း၊ လေထုညစ်ညမ်းသော အရပ်ဒေသသို့  အတတ်နိုင်ဆုံး မသွားဘဲနေခြင်းတို့ ဖြင့် ဆင်ခြင် နေထိုင်သင့်ကြောင်း သိရသည်။

Lashio News Diary

No comments:

Post a Comment