Wednesday 2 December 2015

တင်းမာမှုများကို မေ့ထားပြီး အိုင်အက်စ်အရေးကို အာရုံစိုက်ရန် ရုရှားနှင့် တူရကီကို အိုဘားမားတောင်းဆို

နှစ်နိုင်ငံကြား အငြင်းပွားစရာ အခြေအနေများကို ဘေးဖယ်ထားပြီး အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)တို့ကိုသာ ဦးတည်တိုက်ခိုက်ကြရန် တူရကီနှင့်ရုရှားကို အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက တောင်းဆိုလိုက်သည်။
ရုရှား၏ SU-24 ဗုံးကြဲလေယာဉ်ကို လေပိုင်နက်ကျူးကျော်မှုဖြင့် တူရကီက ပစ်ချခဲ့ခြင်းကြောင့် အဆိုပါနှစ်နိုင်ငံကြား အကြီးအကျယ်တင်းမာမှုများ ဖြစ်ပေါ်နေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုအတွက် ပါရီတွင် တူရကီသမ္မတယီဆက်ပ်တေယစ် အာဒိုဂန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၂ ရက်တွင် အိုဘားမားက ရုရှားရော၊ တူရကီကပါ အိုင်အက်စ်ကို ချေမှုန်းရေးအတွက်သာ အဓိကထား ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော့် ရပ်တည်မှုကို ရှင်းရှင်းလင်းလင်းပဲ ပြောပါမယ်။ တူရကီဟာ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတစ်ခုပါ။ အမေရိကန် ပြည်ထောင်စုက တူရကီအနေနဲ့ ကိုယ့်လေပိုင်နက်၊ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်ပိုင်ခွင့်အပေါ် အပြည့်အဝထောက်ခံပါတယ်”ဟု အိုဘားမားက ဆိုသည်။

၎င်းက “ဒါပေမဲ့ ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ဘုံရန်သူ ရှိပါတယ်။ အိုင်အက်စ်အိုင်အယ်လ် (အိုင်အက်စ်၏ အမည်ဟောင်း)ပါ။ ကျွန်တော်တို့အားလုံး ဒီအဖွဲ့အစည်းရဲ့ ခြိမ်းခြောက်မှုအပေါ်မှာ အာရုံစိုက်သင့်တယ်လို့ ပြောပါရစေ”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မိမိတို့ လေယာဉ်ကို ပစ်ချခြင်းသည် တူရကီအစိုးရက အိုင်အက်စ်တို့ကို ကာကွယ်ပေးနေသည့် သဘောမျိုးဟု ရုရှားက စွပ်စွဲခဲ့ရာ တူရကီသမ္မတ အာဒိုဂန်က အဆိုပါစွပ်စွဲမှုအတွက် ခိုင်လုံစွာသက်သေပြရန် တုံ့ပြန် တောင်းဆိုခဲ့သည်။ သို့သော်လည်း မိမိအနေဖြင့် နှစ်နိုင်ငံကြားတင်းမာမှုများရှိနေသည်ကို မလိုလားဟု ဆိုသည်။

အာဒိုဂန်က “ကျွန်တော်တို့ကတော့ သံတမန်ရေးရာ ဘောင်အတွင်းကပဲ စကားပြောဆို ဆွေးနွေးနိုင်ဖို့ အမြဲလိုလားပါတယ်။ တင်းမာမှုတွေကို အတတ်နိုင်ဆုံး ရှောင်ကွင်းနေချင်ပါတယ်”ဟု မှတ်ချက်ပေးသွားသည်။

Ref: CNA

No comments:

Post a Comment