Wednesday 2 December 2015

ပြီးခဲ့သည့် နှစ်ကုန်ပိုင်း Air Asia လေယာဉ်ပျက်ကျမှု အစီရင်ခံစာကို အင်ဒိုအာဏာပိုင်များ ထုတ်ပြန်

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ဂျာဗားပင်လယ်တွင် Air Asia လေယာဉ် ပျက်ကျခဲ့မှုတွင် လေယာဉ်အစိတ်အပိုင်းတစ်ခု လုပ်ငန်းဆောင်ရွက်ပုံ ချွတ်ချော်မှားယွင်းခြင်းက အဓိကအကြောင်းရင်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ကြေညာလိုက်သည်။
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် Air Asia လေကြောင်းလိုင်းမှ Airbus A320-200 လေယာဉ်သည် ပင်လယ်ထဲ ပျက်ကျသွားခဲ့ရာ လိုက်ပါသွားသူ ၁၆၂ ဦးစလုံး သေဆုံးခဲ့သည်။
လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ အင်ဒိုနီးရှား အာဏာပိုင်များက ပထမဆုံးအကြိမ်အဖြစ် အသေးစိတ် အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ရာ လေယာဉ်မှူးများသည် လေယာဉ်၏ အစိတ်အပိုင်းတစ်ခု လုပ်ဆောင်မှု ချွတ်ယွင်းနေသည်ကို တုံ့ပြန်ရန် ကြိုးစားခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ လေယာဉ်သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမှ စင်ကာပူသို့ ဦးတည်ပျံသန်းစဉ် စတင်ထွက်ခွာပြီး မိနစ် ၄၀ အကြာတွင် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
လပေါင်းများစွာ အချိန်ယူ စုံစမ်းမှုများ ပြုလုပ်ပြီးနောက် လေယာဉ်ပျက်ကျရမှုနှင့် ပတ်သက်သည့် အဓိက အကြောင်းရင်းကို ခြေရာခံ ဖော်ထုတ်လာနိုင်ခြင်း ဖြစ်သည်။ လေယာဉ်နောက်မြီးရှိ ပဲ့ထိန်းစနစ်တွင် အက်ကွဲမှုများ ဖြစ်ပေါ်နေကြောင်း လေယာဉ်မှူးထံ အချက်ပြ အကြောင်းကြားမှု လေးကြိမ်ထိ ပေးပို့ရောက်ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ရေးသားထားသည်။
လေယာဉ် ဝန်ထမ်းများသည် အဆိုပါ ပြဿနာကို တုံ့ပြန်ဖြေရှင်းရန် အားထုတ်ခဲ့ပြီး ကွန်ပျူတာ စနစ်ကို ပြန်လည်စတင်ရန် ကြိုးစားခဲ့သော်လည်း အလိုအလျောက် မောင်းနှင်စနစ်မှာ ချွတ်ယွင်းပျက်စီးသွားပြီး လေကြောင်းထိန်းသိမ်းရေး မျှော်စင်နှင့်ပါ အဆက်အသွယ် ပြတ်သွားခဲ့ကြောင်း သိရသည်။
လေယာဉ် ပျက်ကျသွားပြီး နောက်ထပ် ရက်အနည်းငယ် အကြာတွင် ဘော်နီယိုအနီး ဂျာဗားပင်လယ် ကြမ်းပြင်တွင် လေယာဉ်ပျက် အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။ သေဆုံးသူ ၁၆၂ ဦးအနက် ၁၀၆ ဦး၏ အလောင်းများကိုသာ ဆယ်ယူနိုင်ခဲ့သည်။
အင်ဒိုနီးရှား အာဏာပိုင်များသည် ယခုနှစ် အစောပိုင်းတွင် လေယာဉ်ပျက်ကျမှုနှင့် ပတ်သက်သည့် ကနဦး တွေ့ရှိချက်များကို ထုတ်ပြန်ခြင်း မပြုခဲ့ဘဲ ဥပဒေရေးရာ ရှုပ်ထွေးမှုများကို အကြောင်းပြ ရွှေ့ဆိုင်းခဲ့သည်။ အစောပိုင်းတွင် လေယာဉ်ပျက်ကျမှု၌ အဓိက အကြောင်းရင်းသည် လေယာဉ်မှူး၏ အမှားကြောင့်ဟု ရာခိုင်နှုန်း အတော်များများ ကောက်ချက်ဆွဲခဲ့ပြီး ရာသီဥတု ဖောက်ပြန်မှုကိုလည်း ထည့်သွင်း စဉ်းစားခဲ့သည်။
သို့သော်လည်း ယခုထွက်ပေါ်လာသော အစီရင်ခံစာ၌ လေယာဉ်အမှုထမ်းများသည် ဆိုးဆိုးရွားရွား ချွတ်ချော်လာသည့် အခြေအနေကို ထိန်းချုပ်နိုင်ရန် အလုံးစုံ ကြိုးစားခဲ့ဟန်ရှိပြီး ရာသီဥတု ဆိုးရွားမှုသည်လည်း လေယာဉ်ပျက်ကျမှုနှင့် ဆက်နွှယ်ဖွယ် မရှိကြောင်း ရေးသားထားသည်။
ထို့ကြောင့် AirAsia လေကြောင်းလိုင်း အနေဖြင့် လေယာဉ်၏ ကြံ့ခိုင်မှု ထိန်းသိမ်းရေး လုပ်ငန်းများအပေါ် ကွပ်ကဲစီမံရာတွင် အားနည်းချက်များ ရှိနေကြောင်း စွပ်စွဲမှုများ ကြုံလာနိုင်ပြီး လေယာဉ်မှူးများ အနေဖြင့် ထိုကဲ့သို့ အခြေအနေမျိုး ကြုံလာပါက ပိုမိုကောင်းမွန်စွာ ဖြေရှင်းနိုင်ရန် ကြိုတင်စီစဉ်ထားမှု မရှိခြင်း အပေါ်တွင်လည်း မေးခွန်းများစွာ ထွက်ပေါ်လာနိုင်ကြောင်း သိရသည်။
Ref: BBC

No comments:

Post a Comment