Wednesday 2 December 2015

ကလေးသူငယ်နှိပ်စက်ညှဉ်းပန်းမှုတွင် ကနဦး လိမ်လည်ထွက်ဆိုခဲ့သည့် အိမ်ရှင် ဖြစ်သူကို သတင်းပေးရန်ပျက်ကွက်မှု၊ လိမ်လည်မှုတို့ဖြင့် တရားစွဲနိုင်ဟုဆို

ဓာတ်ပုံ - အခင်းဖြစ်ပွားရာ နေအိမ် ခြံဝန်းရှေ့တွင် သတင်းထောက်များ မေးမြန်းစုံစမ်းနေကြစဉ်
ဗဟန်းမြို့နယ်အ တွင်းရှိ တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးတစ်ဦး၏နေအိမ်တွင် ဖြစ်ပွားခဲ့သည့် အသက်ရှစ်နှစ်အရွယ်ကလေး သူငယ်အား နှိပ်စက်ညှင်းပန်းမှုတွင် ကနဦး လိမ်လည်ထွက်ဆိုခဲ့သည့် အဆိုပါဗိုလ်မှူး၏ ဇနီးဖြစ်သူအိမ်ရှင်အမျိုးသမီးအား သတင်း ပေးရန်ပျက်ကွက်မှု၊ လိမ်လည်မှုတို့ဖြင့် တ ရားစွဲဆို အရေးယူနိုင်ကြောင်း ဥပဒေကျွမ်း ကျင်သူများ၏ပြောကြားချက်အရ သိရသည်။
အိမ်ရှင်ဖြစ်သူအနေဖြင့် ကနဦး စုံစမ်းစစ်ဆေးစဉ်ကတည်းက ရိုးသားစွာ ထုတ်ဖော်ပြောဆိုဝန်ခံရန်တာဝန်ရှိပြီး က လေးငယ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှု များ ပထမဆုံး ပြုလုပ်ခဲ့စဉ်က ဖြေကြားမှု များမှာ ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှုများရှိနေ ခြင်းသည် ပြစ်မှုကျူးလွန်ရာ၊ လိမ်လည်ရာ ရောက်သည်ဟု ဥပဒေဆိုင်ရာ အကြံပေး တစ်ဦးဖြစ်သူဦးတင်သန်းဦးက ပြောသည်။

''အစကတည်းက ရိုးသားတယ် ဆိုရင် ရိုးရိုးသားသား ထုချေဖြေရှင်းနိုင် တယ်။ အမျိုးမျိုး ပြောင်းပြောနေတာတွေ ဟာ ပြစ်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ဖောက်ဖျက်ဖို့ ကြိုးစားတယ်လို့ ပြောနိုင်ပါ တယ်။ ထပ်ဆင့် ပြစ်မှုကျူးလွန်ခြင်းပါပဲ၊ သူ သာ ရိုးသားတဲ့သူဆိုရင် သူ့အိမ်ပေါ်မှာဖြစ် သွားတဲ့ ကလေးသူငယ် နှိပ်စက်ညှဉ်းပန်းခြင်း ကို သက်ဆိုင်ရာကို ဖော်ထုတ်တိုင်ကြားဖို့ တာဝန်ရှိပါတယ်''ဟု ပြောသည်။

ပြစ်မှုတစ်ခု ကျူးလွန်ရာတွင် ကိုယ်တိုင် တိုက်ရိုက်ကျူးလွန်သူနှင့် တစ်စုံ တစ်ယောက်၏စေခိုင်းချက်အရ လုပ်ဆောင် သူဟူ၍ရှိပြီး အားပေးကူညီသူများသည်လည်း ပြစ်မှုကျူးလွန်သူနှင့် တစ်ပြေးညီ ပြစ်ဒဏ် ခံစားရမည်ဖြစ်သည်ဟု ဥပဒေက သတ်မှတ် ထားသည်။

လက်ရှိတွင် ကလေးငယ်အား ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့သည့် အိမ် ဖော်အမျိုးသမီးကို ရဲစခန်းတွင် ခေါ်ယူထိန်း သိမ်းကာ စစ်ဆေးမေးမြန်းနေသည့်အပြင် အမှုနှင့်သက်ဆိုင်သူများကိုလည်း ခေါ်ယူ စစ်ဆေးလျက်ရှိပြီး အိမ်ရှင်ကိုလည်း လိုအပ် ပါက စစ်ဆေးသွားမည်ဟု ရဲစခန်းက ပြော ကြောင်း အမှုမှန်ပေါ်ပေါက်ရေး လိုက်ပါ ဆောင်ရွက်နေသည့် ဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံ ထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးထွန်းမြင့်က ပြောသည်။

''ရဲစခန်းကတော့ အိမ်မှာရှိတဲ့သူ တွေအားလုံးကို စစ်ဆေးနေတယ်လို့ပြော တယ်''ဟု ဦးထွန်းမြင့်က ပြောသည်။

ဖြစ်စဉ်ကိုစတင်သိရှိသည့် ယခု လ ၁၉ရက်က စတင်ကာ ဥပဒေကြောင်းအရ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၂၂ ရက် တွင်မူ အိမ်ရှင်ဗိုလ်မှူးကိုယ်တိုင် ကလေးနှင့် နှိပ်စက်သူအိမ်ဖော်တို့အား ဗဟန်းရဲစခန်း သို့လာရောက်အပ်နှံခဲ့ပြီး လက်ရှိတွင် ကလေး ငယ်ကို မိခင်ဖြစ်သူနှင့်အတူ ဗဟန်းမြို့နယ် မိခင်နှင့်ကလေး ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က အမှုမပြီးမချင်း ခေတ္တခေါ်ယူစောင့် ရှောက်ထားမည် ဖစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ဗဟန်းရဲစခန်း တွင် ပ/၄၆၅/၂ဝ၁၅ ပုဒ်မ ၆၆(ဃ)ဖြင့် အမှု ဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပြီး လူမှု အဖွဲ့အစည်းများကလည်း ဖြစ်စဉ်အမှန်ပေါ် ပေါက်ရေး ဝိုင်းဝန်းလုပ်ဆောင်လျက်ရှိ ကြောင်းသိရသည်။ ဖြစ်စဉ်အပေါ် တိကျ စွာ သိရှိနိုင်ရန် သက်ဆိုင်ရာမြို့နယ်ရဲစခန်း နှင့် အိမ်ရှင်ဖြစ်သူကို အကြိမ်ကြိမ် ဆက် သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

Yangon Media Group

No comments:

Post a Comment