Wednesday 23 December 2015

အစိုးရက ညှိနှိုင်းတာကို ‘၀’ က လက်မခံတော့ ဘာဆက်လုပ်သင့်လဲ ?

တိုင်းရင်းသားလက်နက်ကိုင်တွေထဲမှာ အင်အားအတောင့်တင်းဆုံးလို့ သူ့ကိုယ်သူထင်နေတဲ့ UWSA ‘၀’ အဖွဲ့ဟာ အစိုးရရဲ့ NCA လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းမှုအပေါ် ငြင်းဆန်လိုက်တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၁၉ ရက်နေ့တုန်းက ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ၊ မြို့တော်ပန်ဆန်းမှာ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ‘၀’ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိအစိုးရရဲ့ လက်ကျန် သက်တမ်းကာလ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုက်တွန်းချက်ကို ‘၀’ ခေါင်းဆောင်တွေက လက်မခံဘဲ နိုင်ငံရေး ဆွေးနွေးပွဲတွေကိုတက်ရောက်ခွင့် ရလျှင်လည်း သူတို့လိုချင်တဲ့ ‘၀’ ပြည်နယ် တောင်းဆို မယ်လို့ ပြောဆိုလိုက်တာ တွေ့ရပါတယ်။
‘၀’ ဟာ အစိုးရရဲ့ NCA လက်မှတ်ရေးထိုးဖို့ ကမ်းလှမ်းမှုအပေါ် အကြိမ်ကြိမ်ငြင်းဆန်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။ ‘၀’ ဘက်က အစိုးရနဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပေါင်း ၂၅ နှစ်ကျော်ပြီဖြစ်လို့ ငြိမ်းချမ်းတဲ့အဆင့် ဖြစ်တာကြောင့် ဘာ့ကြောင့် လက်မှတ်ထိုးရမှာလဲဆိုပြီး အကြောင်းပြပါတယ်။ တိုက်ပွဲမဖြစ်တာ မှန်ပါတယ်။ ဒါပေမယ့် အစိုးရက လက်နက်ကိုင်အားလုံးပါဝင်တဲ့ NCA ထိုးနိုင်မှ နိုင်ငံရေးဆွေးနွေးပွဲဆီ သွားနိုင်မှာဖြစ်လို့ ကမ်းလှမ်းခဲ့တာ ဖြစ်တယ်။ ‘၀’ အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ သွားချင်ယင် NCA လက်မှတ်ထိုးရမှာပေါ့။ အပြောနဲ့ အလုပ်မညီတဲ့ ‘၀’ အပေါ် အစိုးရရဲ့ သည်းခံခွင့်လွှတ် နားလည်ပေးမှုဟာ အရမ်းပျော့ပျောင်းလွန်းနေ တယ်လို့ မြင်ပါတယ်။ အစိုးရက ညှိနှိုင်းတာကို လက်မခံတာဟာ အစိုးရကို မထီလေးစားလုပ်တဲ့ သဘောမျိုး ဖြစ်ပြီး သူတို့ကို အစိုးရက ဘာမှမလုပ်ရဲဘူးလို့ ထင်နေတဲ့သဘောဖြစ်ပါတယ်။
ဒါဟာ လက်ရှိအစိုးရလက်ထက် ပြတ်ပြတ်သားသားဖြေရှင်းရမယ့် ပြဿနာဖြစ်ပါတယ်။ ‘၀’ ရဲ့ ရည်မှန်းချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် သတ်မှတ်ပေးစေချင်တာ။ အစိုးရက လက်မခံလို့ သူတို့ခွင်ထဲရောက်လာတော့ ပြန်ပြီးကလန်ကဆန်လုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ‘၀’ ခေါင်းဆောင်တွေဟာ မူးယစ်ရာဇာတွေအဖြစ် အမေရိကန်ကတောင် ဆုငွေထုတ်ထားခံရတဲ့ မူးယစ်တရားခံ တွေဖြစ်ပါတယ်။ အစိုးရခေါင်းဆောင်တွေကို ပခုံးချင်းယှဉ်လို့မရပါဘူး။ ခြေရာချင်းတိုင်းလို့လည်း မရပါဘူး။ ‘၀’ ဟာ မူးယစ်ဆေးဝါးမှောင်ခိုနဲ့ စီးပွားရှာပြီး နောက်ကွယ်မှာ လက်နက်စက်ရုံတွေ တည်ဆောက်တယ်။ တရုတ်ဆီက လက်နက်အသစ်တွေဝယ်ပြီး စစ်အင်အားတိုးချဲ့နေတယ်။ ‘၀’ က ကိုယ်ပိုင်ပြည်နယ် တည်ထောင် ဖို့ လူ၊ လက်နက်အင်အားရော စီးပွားရေးအင်အားပါ တောင့်တင်းအောင် လုပ်နေတာပါ။ အဲဒီလို အင်အား တောင့်တင်းလာတော့ အစိုးရကို ပမာမခန့် လုပ်လာတယ်။ ပြောစကားနားမထောင်တဲ့အဆင့် ရောက်လာတဲ့ ‘၀’ အဖွဲ့ကို အစိုးရအနေနဲ့ ဆွေးနွေးညှိနှိုင်းလို့မရတော့တဲ့အတွက် ချေမှုန်းသင့်ရင် ချေမှုန်းရပါ့မယ်။ ‘၀’ ဒေသမှာ ‘၀’ ပြည်သူတွေ ဒုက္ခရောက်မှာကို ‘၀’ ခေါင်းဆောင်တွေ စဉ်းစားပါ။ ‘၀’ ဒေသ အလုံးစုံပျက်စီးသွားမှာကို မလိုလားပါဘူး။ ‘၀’ ခေါင်းဆောင်တွေဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်း တည်ငြိမ်အေးချမ်းရေးအတွက် ‘၀’ ကို ကျိုးနွံအောင် လုပ်သင့်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

ဇော်လင်းအောင်
နေ့စဉ်သတင်း

No comments:

Post a Comment