Wednesday 23 December 2015

လုယက်မှုကျူးလွန်ထားကြောင်း သတင်းရရှိသူများအား ဓားဦးချွန်များနှင့် အတူ တွေ့ရှိဖမ်းဆီးရမိပြီး ၎င်းတို့ ကျူးလွန်ထားသည့် လုယက်မှုများကို ဖော်ထုတ်အရေးယူ

၁၆.၁၂.၂၀၁၅ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် ခိုးမှု၊ လုယက်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့နယ် အတွင်းသတင်းစုံစမ်းဆောင်ရွက်စဉ် လုယက်မှုများကျူးလွန်ထားကြောင်း မသင်္ကာသတင်းရရှိ ထားသော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် မိုးထိ(ခ)တိုင်းကျော်၊ (၁၈)နှစ်၊ ရွှေငါး(ခ)ကျော်ဇေယျ၊ (၁၈)နှစ်၊ ကုလားကြီး(ခ)နေလင်းထိုက်၊ (၁၈)နှစ်နှင့် အငယ်ကောင်(ခ)ရဲဝင်းအောင်၊ (၁၈)နှစ်တို့ (၄)ဦးအား လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ဒဂုံရွှေမျှားလမ်းပေါ်တွင် အရိုးအသွား (၁၁)လက်မခန့်ရှိ ဓားဦးချွန်(၁)ချောင်း၊ အရိုးအသွား(၁၀)လက်မခန့်ရှိ  
ဓားဦး ချွန်(၁)ချောင်း၊ အရိုးအသွား(၁၁) လက်မ ခန့်ရှိ သုံးမြှောင့်စကေဘာ (၁)ချောင်းတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

ထိုသို့ဖမ်းဆီးရမိစဉ် ၎င်းတို့ထံမှ HUAWEI G-610 နှင့် Honor လက်ကိုင် ဖုန်း(၂)လုံးတို့အားတွေ့ရှိသဖြင့် စစ်မေးရာ ၎င်းတို့(၄)ဦးသည် ၁၅.၁၂.၂၀၁၅  ရက်နေ့ ၁၉၀၀ အချိန်ခန့်က လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်လမ်း ပေါ်တွင် ထိုင်နေသော သမီးရည်းစားစုံတွဲ(၂)တွဲအား စကေဘာ၊ ဓားဦးချွန် များဖြင့် ခြိမ်းခြောက်ကာ လုယူခဲ့သောဖုန်းများဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။

၎င်းတို့အား အခြားခိုးမှု၊ လုယက်မှုများကျူးလွန်ထားခြင်း ရှိ၊မရှိစစ်ဆေးရာ ၎င်းတို့(၄)ဦးသည် အရှည်ကြီး(ခ)ကျော်မင်းစိုး(စုံစမ်းဆဲ)၊ ဘဂျမ်း(စုံစမ်းဆဲ) တို့နှင့်အတူ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းက ညအချိန်များတွင်  လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ အားကစားကွင်းရှေ့လမ်းမပေါ်တွင် ထိုင်နေသော သမီးရည်းစားစုံတွဲထံမှ SONY အမျိုးအစား လက်ကိုင်ဖုန်း (၁)လုံးကိုလည်းကောင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ကြာဇံစက်ရုံ ရှေ့လမ်းမပေါ်တွင်ထိုင်နေသော သမီးရည်းစားစုံတွဲ (၂)တွဲထံမှ SAMSUNG အမျိုးအစား လက်ကိုင်ဖုန်း(၂)လုံးကိုလည်းကောင်း၊ ဒီဇင်ဘာလအတွင်းက ညအချိန်များတွင် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင်
စကားပြောနေသော သမီးရည်းစားစုံတွဲ(၂)တွဲထံမှ HUAWEI G-730  အမျိုးအစား လက်ကိုင်ဖုန်းနှင့် SAMSUNG GALAXY Note 3 အမျိုးအစား လက်ကိုင်ဖုန်းတို့ကိုလည်းကောင်း၊ လှိုင်သာယာမြို့နယ်၊စက်မှုဇုန်(၂)၊ အားကစားကွင်းရှေ့လမ်းမပေါ်တွင် ထိုင်နေသော သမီးရည်းစားစုံတွဲထံမှရွှေဆွဲကြိုး၊ နားကပ်၊ လက်စွပ်နှင့် HONOR အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့ကိုလည်းကောင်း စကေဘာ၊ ဓားဦးချွန်များဖြင့် ခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့ကြပြီး ရောင်းချထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်များအရ သက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး ၎င်းတို့အား လှိုင်သာယာမြို့မရဲစခန်း၌ ပြစ်မှုပုဒ်မ ၃၈၂/၅၄ ဖြင့် အမှုများ ဖွင့်လှစ်အရေးယူကာ အရှည်ကြီး(ခ)ကျော်မင်းစိုးနှင့် ဘဂျမ်းတို့အား  ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Yangon Police 

No comments:

Post a Comment