Wednesday 23 December 2015

၂၀၁၆ ခုနှစ်တွင် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းအလဲကြောင့် လက်ရှိလိုင်စင် ရရှိထားသည့် မော်တော်ယာဉ်များကို ဒီဇင်ဘာ ၃၁ ရက် အထိသာ တင်သွင်းတော့မည်ဟု ကုန်သည် လုပ်ငန်းရှင်များ ဆို

မြ၀တီ နယ်စပ်ဂိတ်မှ တရားဝင် တင်သွင်းလာသော ကားများကို တွေ့ရစဉ်
နယ်စပ်မှ တရားဝင် ကားတင်သွင်းရာတွင် လက်ရှိတင်သွင်းခွင့် ရရှိထားသော မော်တော်ယာဉ်များအား ဒီဇင်ဘာ ၃၁ ရက်ထိသာ တင်သွင်းရန် ဆောင်ရွက်လျက်ရှိကြောင်း မြ၀တီနယ်စပ်မှ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်များထံမှ သိရသည်။

၂၀၁၆ ခုနှစ် ထွက်ပေါ်လာမည့် လိုင်စင် ဥပဒေသစ် အပြောင်းလဲကို စောင့်ဆိုင်းပြီး လက်ရှိ တင်သွင်ခွင့် လိုင်စင်ရရှိထားသည့် ၀ယ်ယူပြီးကားများ လက်ဝယ်ကျန်ခဲ့မည်ကို စိုးရိမ်၍ ဖြစ်သည်ဟု ဆိုသည်။

“၂၀၁၆ ခုနစ်မှာ ထွက်လာမယ့် ဥပဒေသစ်ဆိုတာ ဘယ်လိုမှန်းသိသေးဘူး။ တစ်နိုင် တစ်ပိုင် ကားတင်သွင်းသူတွေကို လက်ရှိ တင်သွင်းခွင့် လိုင်စင်ရထားပေမယ့် ပိုက်ဘော မမိစေချင်ဘူး။ ယခင် Doublecup တုန်းကလည်း တင်သွင်းခွင့်ပြုပြီဆိုပြီး ၀ယ်ထားကြတယ်။ မူဝါဒ ပြောင်းသွားတော့ Without တွေ ပိုက်မိသွားတယ်။ အရမ်းနစ်နာကြပါတယ်။ ဒါကြောင့်မို့ တင်သွင်းမယ့် လိုင်စင်ကားတွေကို ဒီလ ၃၁ ရက် နောက်ဆုံးထားပြီး သွင်းဖို့ ဆောင်ရွက်နေပါတယ်” ဟု နယ်စပ်ကုန်စည် သွင်း/ထုတ်ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်၊။

နယ်စပ်ဝင်ထွက် ဂိတ်များမှ တရားဝင် ကားတင်သွင်းခွင့် လိုင်စင်အား သက်ဆိုင်ရာ ဌာနမှ ခေတ္တဆိုင်းငံ့ထားသည် ဆိုသော သတင်း ထွက်ပေါ်လာပြီနောက် မြ၀တီနယ်စပ် ကားဈေးကွက်တွင် ရိုက်ခတ်မှု ဖြစ်ပေါ်လျက် ရှိသည်ဟု ဆိုသည်။

“နယ်စပ်မှ ကားသွင်းမှု လျော့ကျနေတာက ဘယ်မောင်း မော်ဒယ်သစ် လိုင်စင်နဲ့ သွင်းရမယ်ဆိုတာရယ်။ ခုနေပြည်တော်က ကားတင်သွင်းခွင့် လိုင်စင် ချမပေးတော့ဘူး ဆိုတာရယ်ကြောင့် ကားဈေးကွက် ရပ်တန့်သွားပါတယ်။ အခုလက်ကျန် လိုင်စင်ရထားတဲ့ ကားတွေလောက်ပဲ နယ်စပ်က ၀င်လာတာ ရှိပါမယ်” ဟု ကားတင်သွင်းသူ တစ်ဦးက ပြောကြားသည်။

နယ်စပ်မှ ကားတင်သွင်မှုတွင် ကျေးလက်နှင့် နယ်မြို့များမှ ၀ယ်လက်လိုက် လူကြိုက်များသည့် Vigo ကားများမှာ ထိုင်းနိုင်ငံထုတ် ညာမောင်းများ ဖြစ်သည်။ လုပ်ငန်းသုံးကားများ ၀ယ်လက်လိုက်ခဲ့သော် ဘယ်မောင်းများကိုသာ တင်သွင်းခွင့်ပြုမည်ဆိုသည့် မူကြောင့် တရားဝင် ကားတင်သွင်းမှု ကျဆင်းလျက် ရှိသည်။

ထို့အပြင် ဒေါ်လာဈေး ဘတ်ဈေး မြင့်တက်နေခြင်းအပေါ် အခွန်နှုန်း မြင့်တက်ပြီ။ ရန်ကုန်လိုင်စင် ဈေးများမှာလည်း ယခင်ကထက် တစ်ဆကျော် မြှင့်တင်ထား၍ ကားဈေးများ မြင်တက်နေသော်လည်း နယ်စပ်မှ တရားဝင် ကားတင်သွင်းမှု ရပ်တန့်သွားနိုင်ကြောင်း မြ၀တီမြို့မှ ကားကုန်သည် တစ်ဦးက ပြောကြားသည်။

Writer: ကိုရွှေသိန်း(မြ၀တီ)
Eleven Media Group​ 

No comments:

Post a Comment