Monday 23 November 2015

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ၏ စုစုပေါင်း အသုံးစရိတ်များထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း ကဏ္ဍများအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း သုံးထား

ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေအရ စုစုပေါင်း အသုံးစရိတ်ထဲမှ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်းအတွက် အသုံးစရိတ် ၁၀ ဒသမ ၅၁ ရာခိုင်နှုန်း အသုံးပြုထားကြောင်း သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေအရ စုစုပေါင်းအသုံးစရိတ်ထဲမှ ကာကွယ်ရေး အတွက် အသုံးစရိတ် ၁၃ ဒသမ ၃၄ ရာခိုင်နှုန်း ရရှိခဲ့ပြီး ပညာရေးအတွက် ၆ ဒသမ ၇၉ ရာခိုင်နှုန်း၊ ကျန်းမာရေးအတွက် ၃ ဒသမ ၆၅ ရာခိုင်နှုန်း၊ လူမှုဝန်ထမ်းအတွက် ၀ ဒသမ ၀၇ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း၊ အစိုးရက တိုင်းဒေသကြီးနှင့် ပြည်နယ်သို့ ထောက်ပံ့ငွေနှင့် ချေးငွေခွဲဝေမှု စုစုပေါင်း ကျပ် ၁၈၂၁ ဘီလျံခန့်ရှိရာ စုစုပေါင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ် ဂျက်ခွဲဝေရရှိမှုများထဲမှ ကယားပြည်နယ်သည် ၂ ဒသမ ၇၄ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ခွဲဝေရရှိခဲ့ပြီး ရှမ်းပြည်နယ်သည် ၁၁ ဒသမ ၇၂ ရာခိုင်နှုန်းဖြင့် အများဆုံး ခွဲဝေရရှိခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်းများ (၂၀၁၂-၂၀၁၄) တွင် ဖော်ပြထားချက်အရ မြန်မာနိုင်ငံသည် ပညာရေး၊ ကျန်းမာရေး ကဏ္ဍအတွက် အသုံးစရိတ်မှာ နိုင်ငံ့ဂျီဒီပီ၏ သုံးရာခိုင်နှုန်းခန့်သာ ရှိပြီး အခြားအာရှနိုင်ငံ အချို့၏ အသုံးစရိတ်များထက် များစွာ နည်းပါးနေကြောင်းနှင့် အာရှနိုင်ငံများအနက် ထိုင်းနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအတွက် အသုံးစရိတ်မှာ နိုင်ငံဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းကျော်အထိ ရှိပြီး အာရှနိုင်ငံ အချို့အနက် အမြင့်ဆုံး ဖြစ်နေကြောင်း ယင်းအညွှန်းကိန်းတွင် ဖော်ပြထားချက်အရ သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ ပြည်ထောင်စုအစိုးရ ဘတ်ဂျက်နှင့် ပြည်နယ်တိုင်းဒေသကြီး ဘတ်ဂျက် များကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ သီးခြားစီ ရေးဆွဲ ခဲ့ကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ လိုငွေကို ပြည်ထောင်စုမှ ထောက်ပံ့ငွေ၊ ချေးငွေတို့ဖြင့် ဖြည့်ဆည်းပေးလျက်ရှိကြောင်းနှင့် အချို့သော ၀န်ကြီးဌာနများ၏ အသုံးစရိတ်များ (ဥပမာ - ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းနှင့် အခြားကဏ္ဍများ)ကို ပြည်ထောင်စု၏ ဘဏ္ဍာငွေမှ ဆက်လက်ကျခံသုံးစွဲပြီး အချို့ဝန်ကြီးဌာနများမှာမူ ပြည်နယ်တိုင်းဒေသကြီးများမှ တိုက်ရိုက်ကျခံ သုံးစွဲကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းအတွက် ဘဏ္ဍာငွေသုံးစွဲမှု နည်းပါးခြင်းသည် မညီမျှမှုများကို ဖြစ်ပေါ်စေပြီး ထိုဝန်ဆောင်မှုများသည် ပြည်သူအားလုံးအတွက် လက်လှမ်းမီ ရရှိနိုင်ခြင်း မရှိဘဲ မိမိတို့၏ ကိုယ်ပိုင်ငွေများကို စိုက်ထုတ်သုံးစွဲရကြောင်း၊ ကိုယ်တိုင် အိတ်စိုက်သုံးစွဲရသည့် ကုန်ကျစရိတ်သည် စုစုပေါင်း ကျန်းမာရေး အသုံးစရိတ်၏ ၈၂ ရာခိုင်နှုန်း၊ ပညာရေးအတွက် ရာခိုင်နှုန်း ၇၀ ကျော် သုံးစွဲရကြောင်းနှင့် အိမ်ထောင်စု လူမှုအခြေအနေများကို ဘက်စုံစစ်တမ်း ကောက်ယူခြင်းတွင် မြန်မာနိုင်ငံ စုစုပေါင်း လူဦးရေ၏ ရာခိုင်နှုန်း ၇၀ နီးပါးသည် ဆင်းရဲမှု သတ်မှတ်ချက်နှင့် နီးကပ်စွာ ရှိနေသည်ကို ဖော်ပြထားကြောင်း ယူနီဆက်(ဖ်)မှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း အစိုးရက ပညာရေးဝန်ကြီးဌာနအတွက် ဘဏ္ဍာငွေခွဲဝေ ရရှိမှုမှာ ကျပ် ၁၃၉၉၀၁၃ သန်း၊ ကျန်းမာရေး ၀န်ကြီးဌာနအတွက် ဘဏ္ဍာငွေ ခွဲဝေရရှိမှုမှာ ကျပ် ၇၅၃၀၀၁ သန်း၊ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအတွက် ဘဏ္ဍာငွေ ခွဲဝေရရှိမှုမှာ ကျပ် ၁၅၃၆၉ ဒသမ ၁၆ သန်း ခွဲဝေရရှိခဲ့ကြောင်း သိရသည်။                        

Writer: အိသဉ္ဇာကျော်
Eleven Media Group​ 

No comments:

Post a Comment