Monday 23 November 2015

KIA ရဲ့ ရက်စက်ယုတ်မာမှုတွေကို ကမ္ဘာကသိအောင် ရှမ်းတိုင်းရင်းသားတို့ ဆန္ဒဖော်ထုတ်လိုက်ကြပြီ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက် ၁၀ နာရီလောက်ကစပြီး ရှမ်း တိုင်းရင်းသားများစုပေါင်းကာ KIO/KIA အဖွဲ့ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါ တယ်။ ရှမ်းတိုင်းရင်းသားတိုင်းရင်းသူထောင်ပေါင်းများစွာဟာ “ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ KIA အလိုမရှိ” နမ့်မှော်ကျေးရွာနေ ဦးစိုးထွန်းလွင်နှင့် ဟွေခါးကျေးရွာနေ ဦးစိုင်းတံဆက်တို့အား လက်နက်အားကိုးအနိုင်ကျင့် သတ်ဖြတ်ခြင်းတို့ရှုတ်ချပါသည်” စတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားတွေအပေါ်နှစ်ရှည်လများ အမျိုးမျိုး အနိုင်ကျင့်နှိပ်စက်ခဲ့တဲ့ KIO/KIA အဖွဲ့ရဲ့ လုပ်ရပ်တွေအပေါ် မြန်မာပြည်သူတစ်ရပ်လုံးကလည်း ရွံရှာမိတာအမှန်ပါပဲ၊ တိုင်းရင်းသားအချင်းချင်းအပေါ် လုပ်ကြံသတ်ဖြတ်အနိုင်ကျင့်ရဲတဲ့ KIO/KIA ခေါင်းဆောင်တွေဟာ လုံးဝခွင့်လွှတ်ဖို့မထိုက်တန်တဲ့လူတွေလို့မြင် ပါတယ်။

ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ရှမ်းလူမျိုးက လူဦးရေအများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ရှမ်းတိုင်းရင်းသားတွေဟာ အခြားသော မျိုးနွယ်စုတိုင်းရင်းသားတွေနဲ့ အေးအတူ ပူအမျှ နေထိုင်လာခဲ့တာ ယနေ့အချိန်ထိဖြစ်ပြီး ဘာပြဿနာမှ မဖြစ်ခဲ့ပါဘူး။ ဘာဖြစ်လို့ပြဿနာ မဖြစ်တာလဲဆိုတော့ ရှမ်းတိုင်းရင်းသားတွေဟာ ကချင်ပြည်နယ်မှာ နေထိုင်ပေမယ့် လက်နက်ကိုင်ထားတဲ့ သောင်းကျန်းသူအဖွဲ့ မဟုတ်လို့ပါပဲ။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်တဲ့ ရှမ်းတိုင်းရင်းသားတွေအပေါ် KIA ကအနိုင်ကျင့်လာပါတယ်။ သူတို့က လက်နက်ကိုင်ထားလေတော့ လက်နက်အားကိုးနဲ့ ရှမ်းတိုင်းရင်းသား တွေကို အတင်းအဓမ္မ လူသစ် စုဆောင်း၊ ဆက်ကြေးကောက်၊ ရိက္ခာတောင်း စတဲ့ ဥပဒေမဲ့ လုပ်ရပ်တွေကို ကျူးလွန်ခဲ့ပါတယ်။ ဒေသခံ ရှမ်းလူငယ်အမျိုးသား၊ အမျိုးသမီးလေးတွေဟာ KIA ရဲ့ လူသစ် စုဆောင်းခြင်းကိုခံရပြီး KIA တပ်ဖွဲ့ဝင်ဖြစ်ခဲ့ရ တယ်။ တချို့အမျိုးသမီးငယ်တွေဆိုရင် ရှမ်းမျိုးနွယ်ကို ဖျက်ဆီးဖို့ ယုတ်မာတဲ့အကြံနဲ့ အတင်းအကြပ် KIA တပ်ဖွဲ့ဝင်နဲ့ အိမ်ထောင်ချပေးခြင်းခံရတယ်။ ကလေးတစ်ယောက်ရမှ မိဘဆီပြန်ပြေးလာရတဲ့ အဖြစ်ဆိုးတွေနဲ့ လည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒေသခံ ရှမ်းတိုင်းရင်းသားတွေရဲ့ နစ်နာမှုကို ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)က ဦးဆောင်ပြီး KIA ဒုခေါင်းဆောင် ဂွမ်မော်မြစ်ကြီးနားမှာလုပ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲလာစဉ်က စုဆောင်းခံ ရတဲ့ ရှမ်းလူငယ်တွေ ပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ဖူးပါတယ်။ KIA က စုထားတာမှန်ရင် ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့ပေမယ့် ဒီနေ့ ဒီအချိန်ထိ ပြန်မလွတ်လာတာ အများကြီးရှိနေပါသေးတယ်။ တိုက်ပွဲ တွေမှာ လူသား တံတိုင်းအဖြစ် KIA က အသုံးပြုခဲ့တယ်လို့ ကြားဖူးလေတော့ အဲဒီအထဲမှာ ပါသွားပြီးလို့ပဲ မှတ်ယူကြတယ်။ ရှမ်းမျိုးနွယ်အပေါ် KIA ခေါင်းဆောင်တွေရဲ့ အနိုင်ကျင့်စော်ကားမှုဟာ လျော့ပါးမသွားဘဲ တဖြည်းဖြည်းဆိုးဝါး လာတာတွေ့ရပါတယ်။

အခုပြုလုပ်တဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ KIA အဖွဲ့က ရက်ရက်စက်စက် သတ်သွားတဲ့ ရှမ်းတိုင်းရင်းသား နှစ်ဦး အတွက် တရားမျှတမှု ပြန်ရဖို့ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မှော်ကျေးရွာမှာနေတဲ့ ရှမ်းတိုင်းရင်းသား ဦးထွန်းလွင်နဲ့ ဟွေခါကျေးရွာနေ ဦးစိုင်းကံဆက်တို့ဟာ ဒီနှစ် ၁၀ လပိုင်းထဲမှာ ရှေ့ဆင့် နောက်ဆင့်ဆိုသလို KIA အဖွဲ့ရဲ့ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။ ပစ်ခတ်သတ်ဖြတ် သွားတဲ့ KIA တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်ကို ဂမ်ရှောင်နဲ့ ဂွမ်မော်တို့ဟာ တာဝန်ယူမဖြေရှင်းဘဲ ယနေ့ အချိန်ထိ ရူးချင်ယောင်ဆောင်နေခဲ့ပါတယ်။ ဒါကို ဒေသခံရှမ်းမျိုးနွယ်စုတွေက မကျေနပ်တာဖြစ်ပါတယ်။

ယင်းဆန္ဒဖော်ထုတ်ပွဲမှာပါဝင်တဲ့ နမ့်မှော်ရွာသွားတစ်ဦးက “ စိုင်းထွန်းလွင် သတ်ခံရမှုကို ဒီနေ့အထိ ဖော်ထုတ်အရေးယူပေးတာမျိုး မရှိတဲ့အတွက် လုံးဝမကျေနပ်ဘူး။ အိမ်မှာနေတဲ့ စိုင်းထွန်းလွင်ကို KIA အဖွဲ့က အိမ်ပေါ်ထိတက်ပြီး သေနတ်နဲ့လာပစ်သွားတာ၊ သေဆုံးသူအတွက် တရားမျှတမှုလိုချင်တယ်။ တရားဥပဒေ အရ တရားခံဖြစ်တဲ့ KIA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးလို့မရဘူးဆိုရင် ခေါင်းဆောင်လုပ်တဲ့ ဂမ်ရှောင်နဲ့ ဂွမ်မော် တို့ကို ဖမ်းလေ၊ သူတို့ကို သူတို့တပည့်တွေအစား သေဒဏ်ပေးလိုက်လေ၊ ငါတို့ ရှမ်းတွေက အဲဒီ KIA ဆိုတဲ့ ကောင်တွေကို သေလောက်အောင်မုန်းနေတာ” လို့ ပြောကြားသွားပါတယ်။

ဦးစိုင်းထွန်းလွင်ဟာ နမ့်မှော်ကျေးရွာမှာရှိတဲ့ နေအိမ်မှာရှိနေစဉ် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ က KIA အဖွဲ့ရဲ့ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး၊ ဦးစိုင်းကံဆက်ဟာလည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က ဟွေခါကျေးရွာ ဘုန်းကြီးကျောင်းက အပြန်လမ်းမှာ KIA အဖွဲ့ရဲ့ ပစ်ခတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့သိရပါတယ်။

ဟွေခါကျေးရွာနေ ရှမ်းတိုင်းရင်းသူတစ်ဦးက ဆန္ဒဖော်ထုတ်ပွဲမှာ “ တစ်ရွာတည်းနေတာဆိုတော့ စိုင်းကံဆက် အကြောင်း ကောင်းကောင်းသိတယ်။ သူကရိုးသားတယ်၊ ကိုယ့် ရှမ်းလူမျိုးအချင်းချင်းကူညီ ရိုင်းပင်းတယ်၊ ရွာကို KIA အဖွဲ့က လူသစ်စုလိုက်၊ ဆက်ကြေးကောက်လိုက်လုပ်နေတာ၊ တစ်နေ့ကျတော့ KIA အဖွဲ့က ဆက်ကြေးလာကောက်တာကို စိုင်းကံဆက်က ရွာသားတွေစီးပွားရေးအဆင်မပြေလို့ မပေးနိုင်ဘူးလို့ ငြင်းလိုက်တယ်၊ မကြာပါဘူး အဲဒီအဖွဲ့က လာပစ်သတ်သွားတာ၊ ကျန်ခဲ့တဲ့မိသားစုက ဒုက္ခရောက်တာပေါ့၊ သူ့အတွက် တရားမျှတမှုလိုချင်တယ်၊ KIA အဖွဲ့ကိုလည်း ဒီတစ်သက်မကျေဘူး၊ အမြန်ဆုံး ကျဆုံးပါစေလို့ဆု တောင်းတယ်” လို့ပြောကြားသွားခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ အတူတကွနေထိုင်တဲ့ တိုင်းရင်းသားအချင်းချင်းအပေါ် အမုန်းတရားတွေဖြစ်အောင် ဖန်တီးခဲ့တာ KIA ပါ။ လက်ရှိငြိမ်းချမ်းရေးလက်မှတ်ထိုးပွဲမှာ မပါဝင်သလို မိုးညှင်းမြို့အနီးမှာ စခန်းသစ် ဆောက်လို့ အစိုးရတပ်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရတယ်။ ရှမ်းတိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေကို မြန်မာပြည်သူတစ်ရပ်လုံးက စာနာသနားမိပါရဲ့၊ သူတို့နောင်ရေး စိတ်အေးဖို့နဲ့၊ KIA ရဲ့ အနိုင်ကျင့်မှုကနေ လွတ် မြောက်ဖို့ အစိုးရက ဖြေရှင်းဆောင်ရွက်ပေးချိန်တန်ပါပြီ၊ KIA ရဲ့ ရှမ်းမျိုးနွယ်စုတွေအပေါ် ဥပဒေမဲ့ ကျူးလွန်မှု၊ လူအခွင့်အရေးချိုးဖောက်မှုတွေကို မြန်မာသာမက ကမ္ဘာကတောင်သိသွားပါပြီ။ တိုင်းပြည်နဲ့ လူမျိုးအတွက် အဖိုးမတန်တဲ့ လက်တစ်ဆုပ်စာ KIA သောင်းကျန်းသူအဖွဲ့ကို ရှမ်းမျိုးနွယ်စုတွေ ကျေနပ်တဲ့ အထိ အပြစ်ပေး အရေးယူသင့်တယ်လို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ဇော်လွန်းခေါင်
Today Myanmar 

No comments:

Post a Comment