Monday 23 November 2015

ရန်ကုန်မြို့တွင်း ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ နောက်လိုက်များအား ခရီးသွားများနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် အသိပေး ညွှန်ကြားထား

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးအား တွေ့ရစဉ်
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား ခရီးသည်တင်များနှင့် ခိုက်ရန်ဖြစ်ပွားမှု လုံးဝ မပြုလုပ်ရန် သတိပေး ညွှန်ကြားထားကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်၏ ပြောကြားချက်အရ သိရသည်။

နိုဝင်ဘာ ၂ ရက် ည ၉ နာရီခန့်တွင် တာမွေအ၀ိုင်း လမ်းငါးခွဆုံအနီး Ocean Centre ရှေ့တွင် ပါရမီ ၁၇၄ ယာဉ်လိုင်းမှ (7B/7846) ယာဉ်အား လူတစ်စုက မင်းမဲ့စရိုက်ဆန်ဆန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါယာဉ်၏ ယာဉ်နောက်လိုက် တစ်ဦးအား ဓာတ်ဆီဖြင့်လောင်းကာ ယာဉ်နှင့်အတူ မီးရှို့ခဲ့ကြောင်း၊ ထို့ပြင် ၎င်းတို့က ကျန်ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းကို ယာဉ်ပေါ်အထိ တုတ်ဖြင့် လိုက်ရိုက်သဖြင့် ခရီးသည် အမျိုးသမီးတစ်ဦး၏ မျက်နှာကို ရိုက်နှက်မိခဲ့သဖြင့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားမှုအပြီး သက်ဆိုင်ရာ ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များကို ခေါ်ယူတွေ့ဆုံ၍ ခိုက်ရန် မဖြစ်ပွားရန်၊ ယာဉ်ပေါ်တွင် မလိုအပ်သည့် တုတ်များ တင်ဆောင်ထားခြင်း မပြု လုပ်ရန်၊ လုံခြုံရေး ဂရုစိုက်ရန်၊ ပါရမီ ၁၇၄ ယာဉ်ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းကြောင့် ခရီးသွား ပြည်သူထူလုနှင့် ခိုက်ရန်ဖြစ်ပွားမှု မပြုလုပ်ရန်တို့ကို အသိပေး ညွှန်ကြားခဲ့သည်ဟု သိရသည်။

“ဦးတို့ ညွှန်ကြားထားတာက နံပါတ် (၁) ခိုက်ရန်မဖြစ်ဖို့၊ ယာဉ်ပေါ်မှာ မလိုအပ်တဲ့ တုတ်တွေဘာတွေ မပါဖို့၊ လုံခြုံရေး ဂရုစိုက်ဆိုတဲ့ နေရာမှာ ၁၇၄ လို ဖြစ်စဉ်တော့ ဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထုနဲ့ ခိုက် ရန်မဖြစ်ပွားနဲ့လို့ ဦးတို့ပြောထားပါတယ်” ဟု မထသ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

“၁၇၄ ကားကိစ္စကလည်း သူက အရိုက်ခံရတာ ဖြစ်တဲ့အတွက် အမှုဖွင့်ပါလို့ ပြောထားပါတယ်” ဟု မထသ ဗဟို(ဥက္ကဋ္ဌ) ဦးလှအောင်က ပြောကြားသည်။

သို့သော် ခရီးသည်တင် ယာဉ်လိုင်းများတွင် ခရီးသည်များကို မချေမငံ ပြန်လည်ဆက်ဆံသော ယာဉ် မောင်း၊ ယာဉ်နောက်လိုက် အချို့လည်း ရှိနေပြီး ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မချေမငံ ဆက်ဆံမှု ကြောင့် ခရီးသည်များက တိုင်ကြားမှု ရှစ်ကြိမ် ရှိခဲ့ကြောင်း သိရသည်။

Writer: ကျော်ထင်
Eleven Media Group 

No comments:

Post a Comment