Monday 23 November 2015

လိင်တူချစ်သူတစ်ဦး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရ

တာင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်သော ဆိုးလ်အမျိုးသား တက္ကသိုလ်ရှိ ကျောင်းသား သမဂ္ဂ၏ဥက္ကဋ္ဌအဖြစ် လိင်တူချစ်သူ တစ်ဦးကို ရွေးကောက် တင်မြှောက်ခဲ့ကြောင်း သိရသည်။

အသက်(၂၃)နှစ်အရွယ် ကင်မ်ဘို-မီသည် ယောက်ျားလျာ တစ်ဦးဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသူ ဖြစ်သည်။ ၎င်းသည် ထောက်ခံမဲ (၈၆ ဒသမ၈) ရာခိုင်နှုန်း၊ ကန့်ကွက်မဲ(၁၁)ရာခိုင်နှုန်းတို့ဖြင့် ကျောင်းသား သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရခြင်း ဖြစ်သည်။ ကင်မ်သည် စားသုံးနှင့် ကလေးသူငယ် လေ့လာရေး ဘာသာရပ် ကျောင်းသူတစ်ဦး ဖြစ်သည်။

၎င်းတစ်ဦးတည်းသာ လိင်တူချစ်စိတ် ရှိသည်မဟုတ်ကြောင်း သိရှိထားပြီး ဖြစ်သည့် အတွက် လူသိရှင်ကြား ထုတ်ဖော် ခဲ့ရခြင်း ဖြစ်ကြောင်း ကင်မ်က တောင်ကိုရီးယား မီဒီယာဌာနခွဲ News 1 သို့ ပြောဆိုခဲ့သည်။ တက္ကသိုလ်ဝင်း အတွင်း ကျောင်းသားများသည် ၎င်းတို့ဖြစ်ချင်တာကို လွတ်လပ်စွာ ဖြစ်ခွင့်ရရှိသင့်သည်ဟု ထင်မြင်မိကြောင်း၊ ၎င်းက ယခုကဲ့သို့ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံခဲ့ရသည့် အတွက် လိင်တူချစ်သူများ စိတ်ခွန်အား ရရှိလိမ့်မည်ဟု မျှော်လင့်ပါကြောင်း ကင်မ်က ပြောဆိုခဲ့သည်။

မိဘများက ၎င်းသမဂ္ဂဥက္ကဋ္ဌအဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရမှုနှင့် ပတ်သက်ပြီး မည်ကဲ့သို့ တုံ့ပြန် မည်နည်းဟု မေးမြန်းသည့်အခါ ကင်မ်က မိဘများတစ်ချိန်ချိန်တွင် နားလည်သွားမည် ဖြစ်ကြောင်း ပြောဆို ခဲ့သည်။

လိင်တူချစ်သူများ၏ အခွင့်အရေးကို ပိတ်ပင်ခြင်းမပြုရန် ဆန္ဒရှိသည့် တောင်ကိုရီးယား နိုင်ငံသားဦးရေ များပြားလာ နေကြောင်း ဧပြီတွင် ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

အသက်(၂၀)၀န်းကျင်ရှိ စစ်တမ်းဖြေဆိုသူ (၄၇ ဒသမ ၄) ရာခိုင်နှုန်းက လိင်တူချစ်မှုအပေါ် အပြုသဘော ဆောင် ရှုမြင်ကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် ယင်းကဲ့သို့ ပြောဆိုသူ (၂၆ ဒသမ ၇) ရာခိုင်နှုန်း သာ ရှိခဲ့သည်။

သို့သော် သက်ကြီးရွယ်အို တောင်ကိုရီးယား နိုင်ငံသားများကမူ ယင်းကဲ့သို့ ရှုမြင်ခြင်း မရှိကြချေ။ အသက် (၅၀ နှင့် ၆၀) အရွယ် စစ်တမ်း ဖြေဆိုသူ (၇ ဒသမ ၁) ရာခိုင်နှုန်းကသာ အပြုသဘောဖြင့် ရှုမြင်ကြောင်း ပြောဆိုခဲ့သည်ဟု အာဆန်မူဝါဒ လေ့လာရေး အင်စတီကျုက ပြုလုပ်သော စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။

Source:UPI
Messenger News Journal 

No comments:

Post a Comment