Monday 23 November 2015

သက်ကြီးရွယ်အိုများ အထီးမကျန်စေဖို့ စက်ရုပ်ကြောင်ကို ထုတ်လုပ်

တစ်ဦးတည်းနေသော သက်ကြီးရွယ်အိုများ ရောဂါများတတ်ကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။

သက်ကြီးရွယ်အိုများ အထီးကျန် မဆန်စေရန် အတွက် နိုင်ငံတော်တော် များများတွင် နေ့ပိုင်းအဖော်ပြု ပေးမည့် ၀န်ဆောင်မှုများ ရှိနေသည်။ ယခုလည်း အရုပ်ကုမ္ပဏီကြီး တစ်ခုက သက်ကြီးရွယ်အိုများ အထီး ကျန်မဆန် စေရေးအတွက် ပစ္စည်းတစ်ခုကို တီထွင်လိုက်ပြီဖြစ်သည်။ ယင်းပစ္စည်းမှာ စက်ရုပ်ကြောင်လေး များ ဖြစ်ကြသည်။

စက်ရုပ်ကြောင် လေးများသည် ၎င်းတို့ ဘာသာ ၎င်းတို့ ရွေ့လျားနိုင်ပြီး ပွတ်သပ်လျှင် ၊ ကိုင်လျှင်၊ ဖက်ထား လျှင် တုံ့ပြန်နိုင်အောင် အာရုံခံစနစ်လည်း ပါရှိသည်။ ခေါင်းကို ပုတ်လိုက်ပါက စက်ရုပ်ကြောင်လေးသည် ပုတ်သူထံသို့ ခေါင်းလေးတိုးဝင် လာမည်ဖြစ်သည်။

 ကျောကို အချိန်ကြာကြာ ပွတ်ပေးပါက ပက်လက်လှန်ပြီး ကလေးငယ်ပမာ ဆော့ကစားပြမည် ဖြစ်သည်။ တစ်ကောင်တည်း ထားရှိလိုက်ပါက စက်ရုပ်ကြောင်လေးသည် ဘက်ထရီမကုန်စေရန် မျက်လုံး မှိတ်ကာ အိပ်နေမည် ဖြစ်သည်။

ထို့ပြင် တကယ့်ကြောင်လိုလည်း ခုန်နိုင်သည်။ ညောင်ညောင်ဟုလည်း အော်တတ်ကြသည်။ သို့သော် အစာကျွေးစရာ မလို၊ ကြောင်ချေး ကျုံးစရာလည်း မလိုသဖြင့် အလုပ်မပိုဟု ဆိုရမည်ဖြစ်သည်။

အရုပ်ကုမ္ပဏီကြီး Hasbro က လူကြီးများကို ပစ်မှတ်ထားပြီး ယင်းအရုပ်များကို ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဖော် အိမ်မွေးကြောင်ဟု အမည်ပေးထားကာ အမေရိကန် ပြည်ထောင်စုတွင် တစ်ကောင်လျှင် (၉၉)ဒေါ်လာဖြင့် ရောင်းချမည် ဖြစ်သည်။   

Source:Mirror 
Messenger News Journal​ 

No comments:

Post a Comment