Monday 23 March 2015

ဆက်ကြေးကောက်ခြင်းသည် KIA အဖွဲ့၏ အဓိက စီးပွားရေးလုပ်ငန်း တစ်ခုလား?

ကချင်ပြည်နယ် အင်တော်ကြီးဒေသနှင့် တနိုင်းမြို့နယ်များတွင် တူးဖော်နေသော ရွှေမှော်များ၌ ကချင် လွတ်မြောက်ရေးတပ်မတော်(KIA)မှ ကောက်ခံနေသော ဆက်ကြေးငွေ ပမာဏမှာ နှစ်စဉ်သိန်းထောင်ချီ ရနေ ကြောင်း ယင်းရွှေမှော်လုပ်သားများထံမှ သိရသည်။ 

KIA အနေဖြင့် သစ်မှောင်ခိုလမ်းကြောင်းများအား အစိုးရစစ်ကြောင်းများနှင့် ပူးပေါင်းအဖွဲ့များ၏ ဖမ်းဆီး ပိတ်ဆို့ မှုများကြောင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုလျော့နည်းလာပြီး စီးပွားရေးလုပ်ငန်းများထဲမှ အဓိက ကျသော သစ်မှောင်ခိုထက် ရွှေမှော်များဘက်သို့ ဆက်ကြေးငွေကောက်ခံမှုကို ပိုမိုပြုလုပ်လာ ကြောင်း မြစ်ကြီးနားမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ 

တနိုင်းမြို့နယ် ပယင်းရွှေမှော်နှင့် ပတ်ဝန်းကျင်ရွှေမှော်များတွင် ရွှေ တူးဖော်နေသော လုပ်ငန်းရှင်နှင့် ကျင်းလုပ်သားများအား မတ် ပထမပတ်မှစကာ KIA မှ တိုက်ပွဲများကိုအကြောင်းပြကာ နေရပ် အသီးသီးသို့ ပြန်လည်စေလွှတ်လျက်ရှိကြောင်း မြို့ခံတစ်ဦး ၏ ပြောပြချက်အရ သိရသည်။ 

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာဝန်းကျင်နှင့် မမုံ ကိုင်ကျေးရွာဝန်းကျင်များ၌ ရွှေတူးဖော် နေသော စက်ဆိုင်း(၁၀၀) ခန့်ရှိကြောင်းနှင့် မတ် ၁၇ ရက်နေ့တွင် KIA အဖွဲ့မှ စက်ဆိုင်းများ ထံမှ ဆက်ကြေးငွေ များလာရောက်ကောက်ခံသွားကြောင်း အဆိုပါရွှေမှော်လုပ်သားအချို့ထံမှ သိရသည်။ 

“စက်ဆိုင်းတစ်ဆိုင်းကို ဆက်ကြေးငွေ တစ်နှစ်စာအတွက် (၆)သိန်းတောင်း တယ်။ ငွေမပေးနိုင်ရင် ဆက်မတူးနဲ့ လို့ပြောသွားတယ်။ မပေးနိုင်တဲ့ပိုင်ရှင် ကို ဖမ်းပြီးချုပ်ထားမယ်လို့ပြောသွားသေးတယ်။ ဒီရွှေမှော် နှစ်မှော်ကတင် KIA ရတဲ့ ဆက်ကြေးငွေက တစ်နှစ်ကို သိန်း(၆၀၀)လောက်ရှိတယ်”ဟု အမည် မဖော်လိုသော စက်ဆိုင်းပိုင်ရှင် တစ်ဦးကပြောသည်။ 

အဆိုပါ KIA အဖွဲ့မှ ခေါင်းဆောင်လုပ်သူက အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများ ရွှေမှော်အတွင်း ငွေကောက်ခံခြင်း၊ ၀င်ရောက်ဖမ်းဆီးမှုများ မပြုလုပ်နိုင်ရန်အတွက် KIA မှ ကာကွယ်ပေးထားရသည့် အတွက် ဆက်ကြေးကောက်ခြင်းဖြစ်ကြောင်း ပြောကြားသွားခဲ့သည်ဟု မိုင်းနောင်ရွှေမှော်မှ ကျင်းလုပ်သား တစ်ဦးက ပြောကြားသွားသည်။

ပယင်းမှော်၊ မိုင်းနောင်ရွာအနီးမှော်နှင့် မမုံကိုင်ရွာအနီးမှော်များမှ KIA ကောက်ခံသော ဆက်ကြေးငွေ ပမာဏ မှာ နှစ်စဉ် သိန်းထောင်ချီမက များပြားနေ၍ KIA အဖွဲ့၏ အဓိကစီပွားရေးလုပ်ငန်း တစ်ခု သဖွယ် ဖြစ် လာကြောင်း ကချင်အရေးလေ့လာသုံးသပ်သူ အလွတ် သတင်းထောက် တစ်ဦးက ပြောကြားခဲ့ ပါသည်။

လွင်မြင့်သိန်း
Kachin Daily News

No comments:

Post a Comment