Monday 23 March 2015

လီကွမ်ယု ကွယ်လွန်မှုအတွက် ကမ္ဘာ့နိုင်ငံခေါင်းဆောင်များ ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့

Photo - Lee Hsien Loong Facebook 
ခေတ်သစ် စင်ကာပူ နိုင်ငံ၏ ဖခင်ကြီးအဖြစ် တင်စားခံရသူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု ကွယ်လွန်သွားမှု အတွက် ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ဝမ်းနည်းကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြသည်။

အသက်(၉၁)နှစ် ရှိပြီဖြစ်သော လီသည် မတ်လ၂၃ ရက် နံနက်အစောပိုင်းက စင်ကာပူ အထွေထွေ ဆေးရုံကြီး တွင် အထူးကြပ်မတ် ကုသမှုများ ခံယူနေရင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။ ၎င်းသည် အဆုတ် ရောင် ဝေဒနာကြောင့် ဖေဖော်ဝါရီလကတည်းက ဆေးရုံတက်နေရသော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပိုးမွှားဝင်ရောက်မှုကြောင့် အခြေအနေ ပိုမိုဆိုးရွားလာခဲ့သည်။

စင်ကာပူ ဝန်ကြီးချုပ်ရုံးက လီကွယ်လွန်မှု သတင်းကို မတ်လ ၂၃ ရက် နံနက်အစောပိုင်းတွင် အတည်ပြု ထုတ်ပြန် ကြေညာခဲ့သည်။ “ဝန်ကြီးချုပ် အနေနဲ့ ဝမ်းနည်းကြေကွဲစွာနဲ့ပဲ ကြေညာပါတယ်။ စင်ကာပူ နိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း မစ္စတာ လီကွမ်ယုဟာ မတ်လ ၂၃ ရက်၊ မနက် (၃း၁၈)နာရီက စင်ကာပူ အထွေထွေ ဆေးရုံကြီးမှာ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ချိန်မှာ အသက်(၉၁)နှစ်ပါ”ဟု ကြေညာချက် တွင် ဖော်ပြထားသည်။

လီကွယ်လွန်ချိန်တွင် သားနှစ်ဦးနှင့် သမီးတစ်ဦးတို့ ကျန်နေခဲ့သည်။ လီကွယ်လွန်မှုအတွက် ဝမ်းနည်း ကြေကွဲသည့် အနေဖြင့် မတ်လ ၂၃ ရက်မှ ၂၉ ရက်နေ့ အထိကို တစ်နိုင်ငံလုံးအဆင့် ကြေကွဲဝမ်းနည်းမှု သီတင်းပတ်အဖြစ် သတ်မှတ်ကြောင်းလည်း ဝန်ကြီးချုပ် လီရှန်လွန်းက ကြေညာခဲ့သည်။ ထိုအတော အတွင်း စင်ကာပူ အစိုးရ ရုံးတိုင်းတွင် နိုင်ငံအလံကို တိုင်တစ်ဝက်သာ လွှင့်ထူထားမည် ဖြစ်သည်။

လီ၏ ရုပ်အလောင်းကို ပါလီမန်တွင် မတ်လ၂၅ မှ ၂၈ ရက်ထိ ထားရှိကာ ပြည်သူအများကို နှုတ်ဆက် ဂါရဝပြုခွင့် ပေးသွားမည်ဟုလည်း သိရသည်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက “သူဟာ အရှည်ကို ကြိုတွေးတတ်ပြီး ခေါင်းဆောင်ကောင်းတွေထဲကမှ ခြင်္သေ့တစ်ကောင်လို ပုဂ္ဂိုလ်မျိုးပါ။ မစ္စတာ လီကွမ်ယုဟာ သူ့ဘဝမှာ လူတိုင်းအတွက် တန်ဖိုးရှိတဲ့ သင်ခန်း စာတွေ ပေးစွမ်းခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့ သတင်းဟာ တကယ့်ကို ဝမ်းနည်းစရာပါပဲ။ ဒီလို ပူဆွေး စရာ အခိုက်အတန့်မှာ အိန္ဒိယ ပြည်သူအားလုံးရဲ့ ကြေကွဲမှုဟာ သူ့မိသားစုရော၊ စင်ကာပူ ပြည်သူ အားလုံးနဲ့ပါ ထပ်တူရှိနေပါတယ်။ သူငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ”ဟု ဝမ်းနည်းစကား ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရတ် အိုဘားမားကလည်း “စင်ကာပူရဲ့ ခေါင်းဆောင်ကြီးလို့ ဆိုရမယ့် မစ္စတာလီကွမ်ယု ကွယ်လွန်ကြောင်း သတင်းကြားရတဲ့အတွက် နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းမိပါတယ်။ အမေရိကန် ပြည်သူအားလုံးရဲ့ ကိုယ်စား ကျွန်တော်နဲ့ ကျွန်တော့်ဇနီး မစ်ချယ်လ်တို့က လီရဲ့ မိသားစုနဲ့ကို ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း အလေးအနက် ပြောလိုပါတယ်။ ပြီးတော့ သူတို့ရဲ့ အမှတ်ရစရာ ပုဂ္ဂိုလ်ကြီးကို ဆုံးရှုံးလိုက်ရတဲ့ စင်ကာပူ ပြည်သူတွေနဲ့ ထပ်တူ ကြေကွဲရပါတယ်။ သူဟာ စင်ကာပူကို ၁၉၆၅ ခုနှစ်၊ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း အမြင်ထက်သန်စွာနဲ့ ဦးဆောင်ခဲ့ပြီး ဒီကနေ့ခေတ် ကမ္ဘာပေါ်မှာ အကြွယ်ဝ အစည်ပင်ဆုံး နိုင်ငံတစ်ခုဖြစ်အောင် တည်ဆောက်ပေးခဲ့သူပါ။ ပြည်သူအတွက် အလုံးစုံ နှစ်မြှုပ် အလုပ်အကျွေး ပြုခဲ့တဲ့ အထင်ကရ ခေါင်းဆောင်တစ်ယောက် ဖြစ်ပါတယ်”ဟု ဆိုသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က “စင်ကာပူရဲ့ ပထမဆုံး ဝန်ကြီးချုပ် မစ္စတာ လီကွမ်ယု သေဆုံးသွားတဲ့ သတင်းအတွက် ကျွန်တော် ဝမ်းနည်းပါတယ်။ သူဟာ စင်ကာပူကို ကမ္ဘာပေါ်က နိုင်ငံအားလုံးမှာ လူအနည်းငယ်လောက်ပဲ လုပ်ဆောင်နိုင်မယ့် နည်းလမ်းမျိုးနဲ့ တစ်ကိုယ်တော် ပုံသွင်း တည်ဆောက်ခဲ့သူပါ။ သူ့နိုင်ငံကို ခေတ်သစ် ကမ္ဘာမှာ အအောင်မြင်ဆုံး ရာဇဝင်တွေ ဖန်တီးနိုင်ဖို့ လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ခေတ် စင်ကာပူဟာ ချမ်းသာကြွယ်ဝတယ်၊ လုံခြုံတယ်၊ အောင်မြင်တယ်။ ဒါဟာ သူ့ခေတ် သူ့အခါက ပြည်သူတွေအပေါ် အကောင်းဆုံး အလုပ်အကျွေး ပြုခဲ့ခြင်းရဲ့ အထင်ကရ မှတ်တိုင်အဖြစ် ကျန်နေတာပါပဲ။ သူဟာ ဗြိတိန်နိုင်ငံရဲ့ အမြဲတမ်း မိတ်ဆွေကောင်း ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပညာဉာဏ် ပြည့်စုံတဲ့ အကြံဉာဏ်ကောင်းတွေကနေ ကျွန်တော် အပါအဝင် ဗြိတိန်ဝန်ကြီးချုပ် အများအပြားက ကောင်းကျိုးတွေ ရရှိခဲ့ပါတယ်။ အရင် ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာက ပြောဖူးပါတယ်။ မစ္စတာလီထက် ပိုပြီး ကြည်ညိုတဲ့ နိုင်ငံခေါင်းဆောင်မျိုး သူ့အတွက် မရှိဘူးတဲ့။ သူဟာ သမိုင်းမှာ အမြဲတမ်း နေရာတစ်ခု ကျန်ခဲ့မှာ သေချာပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက် အဖြစ်သာ မကဘဲ ခေတ်သစ် ကမ္ဘာရဲ့ အထင်ရှားဆုံး နိုင်ငံရေးသမား တစ်ယောက် အနေနဲ့ရောပေါ့”ဟု မှတ်ချက်ပြုခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း “မစ္စတာ လီကွမ်ယုဟာ အာရှမှာ ထူးထူးကဲကဲ လွှမ်းမိုးနိုင်ခဲ့တဲ့ နိုင်ငံရေးသမား တစ်ယောက်ပါ။ စင်ကာပူနဲ့ တရုတ်တို့ကြား အပြန်အလှန် ဆက်ဆံရေးကို စတင်တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ပြီးတော့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရင်း အပြန်အလှန် ကောင်းကျိုးခံစားရအောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဆိုရင်လည်း မမှားပါဘူး။ တရုတ်နိုင်ငံဟာ စင်ကာပူ ပြည်သူတွေနဲ့ မစ္စတာလီရဲ့ မိသားစုနဲ့ထပ်တူ အလေးအနက် ဝမ်းနည်းစွာ ရပ်တည်ကြောင်း ပြသလိုပါတယ်” ကြေညာချက် ထုတ်ပြန်သည်။

အလားတူပင် အရှေ့တောင်အာရှ အိမ်နီးချင်း နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံ အများအပြားမှ ခေါင်း ဆောင်များကလည်း လီကွယ်လွန်မှုအတွက် ဝမ်းနည်းကြေကွဲကြောင်း သတင်းစကားများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

_Ref: CNA
7Day DAILY 

No comments:

Post a Comment