Monday 23 March 2015

ရန်ကုန်မြို့ လမ်းသွယ်တွင် စောင့်ကြည့်ကင်မရာတပ်ဆင်မှုကြောင့် စည်းကမ်း မဲ့မှုလျော့ကျ

လမ်းမတော်မြို့နယ် (၅)ရပ်ကွက် (၁၂)လမ်း (မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းအကြား)အတွင်း မတ် ၁၃ ရက်မှစ၍ စောင့်ကြည့် ကင်မရာတပ်ဆင်ထားကြောင်း ဗီနိုင်းအနီများဖြင့် အသိပေး ထားသည် ကို တွေ့ရသည်။ လမ်းအတွင်း ယခင် တွေ့မြင်ရတတ်သော စည်းကမ်းမဲ့ ချထားသော အမှိုက်ထုပ်ကြီးများ မမြင်တွေ့ရတော့ပါဟု လမ်းအတွင်း သင်တန်းတက်ရန် လာရောက်သည့် သင်တန်းသူ မကြည်ကြည်က ဆိုသည်။

အဆိုပါ တပ်ဆင်ထားသော ကင်မရာရှစ်လုံးမှ ရိုက်ကူးထားမှုများသည် လမ်းသွယ်အတွင်းဝင်ရောက် လာသည့်ကား၊ လူပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှုများကို လမ်းစ၊ လမ်းဆုံးရိုက် ကူးထားချက်များဖြစ်သည်။ ယင်းသို့ တပ်ဆင်မှုအတွက် ကုန်ကျငွေမှာ ကျပ် ၁၃ သိန်းဝန်းကျင်ရှိသည်။ လမ်းသူ လမ်းသားများ ထံမှ ငွေကြေးကောက်ခံခြင်းမရှိ။ ညအခါ လမ်းအတွင်းထားရှိသော ကိုယ်ပိုင် အိမ်စီး ယာဉ်ငယ် ၈ဝ ၏ ပိုင်ရှင်များထံမှ တစ်လလျှင် ညပိုင်းစောင့်ရှောက်ခ ကားတစ်စီးလျှင် ကျပ်သုံးထောင်နှုန်း ကောက်ခံသည်။ တစ်လလျှင် ကျပ် ခုနစ်သောင်းနှုန်းလစာဖြင့် ညပိုင်းကားစောင့်ရန် လူနှစ်ဦးငှားရမ်းခဲ့သည်။ လစဉ် ကားစောင့်ရှောက်ခ ငွေများထဲမှ ကျပ်တစ်သိန်းခန့် ပိုလျှံနေသည်။ ယင်းငွေများကို လမ်းသာယာရေး လုပ်ငန်း တွင် သုံးစွဲသည်။

ယခု စောင့်ကြည့်ကင်မရာ တပ်ဆင်ရေးတွင် အဆိုပါ ပိုလျှံငွေများ စုဆောင်း ရာမှ တပ်ဆင်နိုင်ခြင်းဖြစ် သည်ဟု အဆိုပါလမ်းအတွင်း နေထိုင်သူ ဦးဖိုးတုတ် က ပြောပြသည်။ 

လမ်းအတွင်း လူနေအိမ်အဖြစ်သာ အသုံးပြုခဲ့ရာမှ ယခုအခါ အဆောင် များ၊ ပြည်ပခရီးသွားများ တည်းခို သည့် အဆောက်အအုံ အဖြစ် ပြောင်းလဲ အသုံးပြုခြင်းများ၊ ကုန်ပစ္စည်းသို လှောင်ရုံများ၊ ဂိမ်းဆိုင်၊ စားသောက် ဆိုင်များအဖြစ် ပြောင်းလဲလာသည့်အတွက် လမ်းအတွင်း လူဝင် လူထွက် နေ့ရောညပါ ပိုမိုများပြားလာသည်။ မီးဘေး၊ သန့်ရှင်းရေး၊ လုံခြုံရေး၊ သွားလာရေးတို့တွင် ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် စောင့်ကြည့် ကင်မရာတပ်ဆင်မှုသည် အထောက် အကူဖြစ်စေသည်ဟု လမ်းအတွင်း နေထိုင်ခဲ့ ဖူးသူ ဦးကင်းက ဆိုသည်။

အဆိုပါ လမ်းသွယ်အတွင်း ညအချိန်ပြောင်းပြန်ဝင်ရောက်သော ယာဉ်ငယ် တစ်စီးနှင့် လမ်းကြောင်းမှန် မောင်းနှင်ဝင်ရောက်လာသော ယာဉ်ငယ် တစ်စီးတို့ ထိပ်တိုက် တိုက်မှု ဖြစ်ပွားခဲ့သည်။

လမ်းကြောင်းပြောင်း ပြန်မောင်းနှင်မှုအပေါ် အရေးယူမှု တိုးမြှင့်ပြစ် ဒဏ်ပေးနေ သည်ဆိုသော်လည်း လမ်းသွယ်၊ လမ်းမကြီးများတွင် ယာဉ်ငယ်အချို့ ပြောင်းပြန်မောင်းနှင် လျက်ရှိသေးသည်ဟု အဆိုပါ လမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

လမ်းအတွင်း သွားလာနေသော ပြည်ပခရီးသွားများအနေဖြင့် မိမိအမှိုက်ကို မိမိနှင့်တစ်ပါတည်း ယူဆောင် သွားပြီး အမှိုက်ပုံးများတွင် စွန့်ပစ်ခဲ့သ ည့် မြင်ကွင်းများကို မြင်တွေ့ရသော်လည်း လမ်းသွား လမ်းလာ ပြည်တွင်းနေ ထိုင်သူအများစုမှာ လမ်းပေါ်တွင် လွှင့်ပစ်နေဆဲဖြစ်သည်။ 

လမ်းထိပ်များတွင် ရွေ့လျားဘီးတပ်အမှိုက်ပုံးကြီးများ ထားရှိသော်လည်း စည်းကမ်းမဲ့စွာ အမှိုက်ထုပ်များ လမ်းများပေါ်တွင် မြင်တွေ့ရဆဲဖြစ်သည်။ အများပြည်သူအပေါ် ငွေရေးကြေးရေး ဝန်ထုပ်ဝန်ပိမှုမဖြစ်စေဘဲ စောင့်ကြည့် ကင်မရာ တပ်ခြင်းမျိုး အခြားလမ်းများ တွင်ပါ ဖြစ်ပေါ်လာလျှင် အများ အတွက် ကောင်းကျိုး များ ဖြစ်စေမည်ဟု လမ်းမတော်မြို့နယ် တွင် နေထိုင်သူ တစ်ဦး က ဆိုသည်။

MOI Webportal Myanmar

No comments:

Post a Comment