Monday 23 March 2015

၅၉ (စ) ကို ၁၉၄၇ အခြေခံဥပဒေတွင် ထည့်သွင်းထားသည်ဟု နိုင်ငံတော် သမ္မတ ပြောဆိုချက် မှားယွင်းဟု ဥပဒေပညာရှင်အချို့ ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်သမ္မတအဖြစ် ယှဉ်ပြိုင် ခွင့်ကို အဟန့်အတား ဖြစ်နေ သည့် အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) သည် ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် ထည့်သွင်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပြောကြား ချက်သည် မှားယွင်းနေကြောင်း တရားလွှတ်တော်ရှေ့နေများနှင့် ဥပဒေပညာရှင်များက ပြောကြားသည်။

မတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် BBC သတင်းဌာနတို့ သီးသန့်တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတက ပုဒ်မ ၅၉ (စ) သည် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကတည်းက ထည့်သွင်းထား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့က ယင်းသို့ ထောက်ပြပြောဆိုခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံတော်သမ္မတ ပြောကြားသော ၁၉၄၇ ခုနှစ် အခြေခံဥပဒေပါ ပုဒ်မ ၇၄ တွင် နိုင်ငံတော်သမ္မတ အဖြစ် ဝင်ရောက်အရွေးချယ်ခံသူ သည် နိုင်ငံခြား၏ အထောက်အပံ့၊ သြဇာနှင့် နိုင်ငံခြားသား ခံယူထားသူ မဖြစ်ရဟု ပြဋ္ဌာန်းထားသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) တွင် ပြဋ္ဌာန်းထားသကဲ့သို့ မျိုးရိုးစဉ်ဆက်များကို ကန့်သတ်ထားချက်များ မပါရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောကြားသည်။

“ဒါက အမှန်တိုင်းပြောရရင် နိုင်ငံတော်သမ္မတက အဖျားဆွတ်ပြီး ဥပဒေနှစ်ခုကို အတူတူလို့ အလွယ် ပြောတာပါ။ ဒါက သဘောတရားကတော့ တူတယ်။ ဒါပေမဲ့ အထဲမှာပါတဲ့ ကန့်သတ်ချက်တွေက မတူပါ ဘူး။ နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်ခံမယ့်သူရဲ့ သားသမီးမြေးမြစ် ချွေးမတွေ ဟာ နိုင်ငံခြားရဲ့ သြဇာခံ၊ နိုင်ငံခြားသားအဖြစ် ခံယူသူ မဖြစ်ရဘူး ဆိုတာ၊ အခုမှ ဒီ ၂၀၀၈ ထဲမှာ ထည့်ထားတာပါ။ ဒါဟာ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ကန့်သတ်တာ မဟုတ်ရင် ဘာလဲ၊ သမ္မတကြီး မှားနေပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ကွဲလွဲချက်များ ရှိသည်ကို အခြေခံဥပဒေနှစ်ခု နှိုင်းယှဉ်ပြီး ပြန် လည်လေ့လာရန် လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောကြားသည်။

“ဒီအခြေခံဥပဒေနှစ်ခု မတူဘူး ဆိုတာကို နှိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။ ကျန်တာတော့ အကျယ်တဝင့် မပြောချင်ပါဘူး။ လူတစ်ဦးတစ်ယောက်ကို ကန့်သတ်ထားတာ မဟုတ်ဘူးဆိုရင် ဘာလဲ၊ အသိသာကြီးပါ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း နိုင်ငံတော်သမ္မတ ပြောကြားချက်သည် အခြေခံဥပဒေ နှစ်ခု၏ သဘောတရားကို ပြောကြားခြင်းသာ ဖြစ်ပြီး ပုဒ်မနှစ်ခု လုံးဝတူညီသည်ဟု ပြောကြားခြင်း မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။

“သမ္မတကြီးက ဒီဥပဒေနှစ်ခုမှာ ပါတဲ့ နိုင်ငံတော်သမ္မတ အရည်အချင်း ကန့်သတ်ချက်တွေကို သဘောတရားချင်း နှိုင်းယှဉ်ပြီး ပြောတယ်လို့ပဲ ကျွန်တော်တို့ နားလည်ပါတယ်။ ဟိုဘက်က မေးတာနဲ့ ဖြေတာနဲ့ နည်းနည်းလေး နားလည်မှု လွဲသွားတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။

BBC သတင်းဌာန၏ အင်တာဗျူးတွင် နိုင်ငံတော်သမ္မတက “ကျွန်တော် ပြောချင်တာကတော့ ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး ပြဋ္ဌာန်းထားတာ မဟုတ်ပါဘူး။ သူရဲ့အဖေ လက်ထက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံကတည်းက ထည့်ထားတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံက လူဦးရေများတဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ကြားထဲမှာ နေနေရတာ။ တိုင်းပြည်ရဲ့ အချုပ်အခြာကို ကာကွယ်ချင်လို့ အဲဒါကို ထည့်ထားတာ။ နို့မို့ဆိုရင် ကျွန်တော်တို့နိုင်ငံကို လူဦးရေများတဲ့ နိုင်ငံတွေက ဝါးမျိုသွားမှာပေါ့။ အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီး လုပ်ထားတာ မဟုတ်ပါဘူး။ ဟိုတုန်းက Constitution မှာကတည်း အစဉ်အဆက်ကတည်းက ထည့်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများသည် မိမိကိုယ်တိုင် သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်ကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားသား လက်အောက်ခံသူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား မဖြစ်စေရဟု ပြဋ္ဌာန်း ထားသည်။

The Voice Weekly 

No comments:

Post a Comment