Monday 23 March 2015

ဗကသခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မြို့နယ်ရှစ်ခုက ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရန် လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပေးရေး အတွက် လွန်ခဲ့သော လေးလ ကျော်က ရန်ကုန်မြို့တော်အတွင်း စီတန်းလှည့်လည် ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သူများ ဖြစ်သည့် ဗကသ ခေါင်းဆောင် ကျော်ကိုကို အပါအဝင် ခုနစ်ဦးကို မတ်လ ၂၁ ရက် ညပိုင်းက မြို့နယ်ရှစ်ခုရှိ ရဲစခန်းများတွင် ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခံရသူများတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ကျော်ကိုကို၊ ယင်းအဖွဲ့ဝင်များ ဖြစ်သူ နန္ဒစစ်အောင်၊ မဖြိုးဖြိုးအောင်၊ ပိုင်ရဲသူနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူအဖွဲ့အစည်းမှ ဒေါ်မီးမီး (ခ) သင်းသင်းအေး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် နော်အုံးလှတို့ ဖြစ်ကြောင်း အမှုဖွင့် အရေးယူထားသည့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများထံမှ သိရှိရသည်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သည့် ကြွေးကြော် သံများနှင့်အတူ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေးကို ဆန္ဒထုတ်ဖော်ခဲ့ရာတွင် အဆိုပါ အမှုဖွင့် အရေးယူ ခံထားရသူများနှင့်အတူ လူအင်အား ၁၀၀ ကျော်က လမ်းမတော်မြို့နယ် စံပြမှတ်တိုင်မှ မဟာဗန္ဓုလလမ်းအတိုင်း စီတန်းလှည့်လည်ရာမှ သိမ်ဖြူလမ်းဘက်ချိုးကာ တာမွေမြို့နယ်အထိ လှည့်လည် ခဲ့သောကြောင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းများက ခွင့်ပြုချက်မရယူဘဲ ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင် သူ ခုနစ်ဦးကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

“လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွန်နဲ့ တာမွေမြို့နယ်တို့က ရဲစခန်းတွေမှာ ကျော်ကိုကို ဦးဆောင်ခဲ့တဲ့ ဆန္ဒထုတ်ဖော်ပွဲက ခုနှစ်ယောက်ကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ပေးဖို့ မနေ့က အထက်က ညွှန်ကြားခဲ့တယ်။ အမှုဖွင့်ထားသူတွေထဲက တိမ်းရှောင်နေသူ တွေကို ဖမ်းမိဖို့ စုံစမ်းနေတယ်” ဟု တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရသူများတွင် ဗကသခေါင်းဆောင် ကျော်ကိုကိုတို့ အဖွဲ့ဝင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရပြီး၊ တိမ်းရှောင်မနေသူများမှာလည်း ၎င်းတို့ကို ပုဒ်မ ၁၈ ဖြင့် အမှုဖွင့် အရေးယူထားသည်ကို ရဲတပ်ဖွဲ့က လာရောက်အသိပေးခြင်း မရှိကြောင်း အမှုဖွင့် ခံရသူ ခုနစ်ဦးတွင် ပါဝင်ခဲ့သော အမျိုးသမီးတစ်ဦးက ပြောကြား သည်။

The Voice Weekly 

No comments:

Post a Comment