Tuesday 10 February 2015

KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ၍ ဒေသခံတောင်သူတစ်ဦး ဒဏ်ရာရ


ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ မရမ်းကျေးရွာ အနီးရှိ တောင်ယာတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ ထောင်ထားသော တိုက်မိုင်းတစ်လုံး၏ ကြိုးအား ၀င်ရောက်တိုက်မိရာမှ ပေါက်ကွဲ မှုဖြစ်ပြီး ဖေဖော်ဝါရီလ ၈ ရက်နေ့ မနက်ပိုင်းတွင် ဟင်းသီးဟင်းရွက် ရှာဖွေနေသော ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
၎င်းမိုင်းပေါက်ကွဲမှုကြောင့် ကံလှကျေးရွာနေ ဦးအောင်ဘ၏ ခြေထောက်နှင့် ပေါင်များတွင် ပေါက်ပြဲဒဏ်ရာ များရရှိ ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကံလှကျေးရွာနေ ဦးအောင်ဘ၊ ဦးလှကျော် နှင့် မောင်ထွန်းမောင် တို့ ၃ ဦးသည် ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေပိုင်းတွင် ထော်လာဂျီ တစ်စီး ဖြင့် ထင်းတိုက်သွားရန် မရမ်းကျေးရွာဘက်ရှိ တောင်ယာသို့ ထွက်ခွာ သွား ခဲ့ပြီး မိုးချုပ်သွားသောကြောင့် ညအိပ်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၈ နက်နေ့ မနက်ပိုင်းတွင် ဦးအောင်ဘမှ ဟင်းသီးဟင်းရွက်ရှာဖွေရန် ထွက်ခွာလာစဉ် KIA အဖွဲ့မှ လမ်းအားကန့်လန့်ဖြတ် သွယ်တန်းထားသော နိုင်လွန်ကြိုး တစ် ချောင်းအား တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
“ကျွန်တော်တို့က အိပ်နေတုန်း သူက စားဖို့ တစ်ခုခုသွားရှာမယ်ဆိုပြီး ထွက်သွားတာ။ ပေါက်ကွဲသံကြားတော့ ကျွန်တော်တို့ လန့်သွားတယ်။ ပေါက် ကွဲ တဲ့နေရာကို သွားရှာတော့ ဦးအောင်ဘ ဖြစ်နေတယ်။ ကျွန်တော်တို့ပဲ နမ္မတီးတိုက်နယ်ဆေးရုံကို ပို့ပေးခဲ့တာ” ဟု ဦးလှကျော်မှ ဆိုသည်။
ဦးအောင်ဘ၏ ဒဏ်ရာများမှာ ခွဲစိတ်ကုသရန် လိုအပ်သောကြောင့် မြစ်ကြီး နားပြည်သူ့ဆေးရုံသို့ ထပ်မံပို့ဆောင်ခဲ့ ရပြီး အရိုးအထူးကုလူနာ အဖြစ် ဆေးကု သမှုခံယူလျက်ရှိကြောင်း ၎င်းမှ ဆက်ပြောသည်။
KIA အဖွဲ့၏ မဆင်မခြင် မိုင်းထောင်မှုများကြောင့် ဒေသခံများအနေဖြင့် မကြာခဏ မိုင်းဒဏ်ရာများရရှိနေပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော မိုင်းဒဏ်ရာရသူများ အများအပြားရှိကြောင်း မြစ်ကြီးနားမြို့နယ် ပြည် သူ့ဆေးရုံမှ ဆေးဝန်ထမ်းတစ်ဦးက ပြောကြားသွားသည်။
ဂျေဆိုင်း

No comments:

Post a Comment