အမြန်လမ်း အဝေးပြေးလမ်းမကြီးပေါ်တွင် ကားမောင်းခဲ့သူတစ်ဦးသည် နေ့ခင်းကြောင်တောင် လမ်း တစ်ဝက်တွင် အိပ်ငိုက်လာသဖြင့် အထူးသတိထားမောင်းခဲ့ရသည်ဟုဆိုသည်။ မရသည့်အဆုံးတွင် ဆက်မမောင်းတော့ဘဲ မိမိကြောင့်အန္တရာယ်ဖြစ်မည်စိုးသဖြင့် အခြားသူတစ်ဦးကိုပြောင်းပြီး မောင်းခိုင်း ရသည်ဟုဆိုသည်။ ကားမောင်းရင်း အိပ်ငိုက်ရသည့် ထိုသူမှာစာရေးသူ၏မိတ်ဆွေဖြစ်သဖြင့် ကား မောင်းမလာမီက မည်သည့်အစားအစာစားခဲ့သလဲ မေးကြည့်သောအခါ ရန်ကုန်မြို့မှထွက်လာပြီး ပဲခူး မြို့အဝင် ထမင်းဆိုင်တွင်ရပ်နားပြီး ထမင်းစားရာတွင် ဆိတ်သားနှင့်ကုလားပဲဟင်းကို တစ်ဝစားခဲ့ ကြောင်းပြောပြသည်။
ပဲအမျိုးမျိုးတွင် ကုလားပဲသည် အနောက်တိုင်းဆေးပညာအလိုအရ အာဟာရဓာတ်အပြည့်ပါပြီး “ပရို တင်း” ခေါ် အသားဓာတ်အပြည့်အဝပါဝင်သော ပဲမျိုးဖြစ်သည်။ ခွန်အားကိုဖြစ်စေသည်။ ကြွက်သား အားကိုဖြစ်စေသည်။ ကလေးများကို ငယ်စဉ်က ကုလားပဲ (သို့မဟုတ်) ကုလားပဲနှင့်ပြုလုပ်ထားသော မုန့်၊ အစာအဟာရများကျွေးမွေးခဲ့လျှင် ကြီးထွားလွယ်ပြီး အရပ်လည်းရှည်စေနိုင်သဖြင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးမှုကို အလေးထားသော နိုင်ငံများတွင် မူလတန်းကျောင်းသားအရွယ် ကလေးများကို ကျောင်းများမှပင် အာဟာရအဖြစ်ကျွေးမွေးသည်။ ထိုသို့ပြုစုကျွေးမွေးရာတွင် ကုလားပဲသည် အဓိက ထည့်သွင်းသောအစာဖြစ်သည်ဟု ရှေးယခင်နှစ် ၂၀ ခန့်ကပင် ဖတ်ရှုခဲ့ရဖူးပါသည်။ ကုလားပဲကို နွားနို့ နှင့်တန်းတူထား၍ ကြီးထွားဖွံ့ဖြိုးမှုအတွက် ကျွေးမွေးနိုင်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံရေးသမိုင်းတွင်လည်း လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော ပုဂ္ဂိုလ်တစ်ဦးသည် ကုလားပဲအစိမ်း ကို အခွံမချွတ်ဘဲ ရေစိမ်၍နေ့စဉ်စားခဲ့သည်။ သူ၏ဥပဓိရုပ်မှာလည်း တောင့်တင်းခိုင်မာသည့် ရုပ်မျိုး ဖြစ်သည်ကို တွေ့ရသည်။ ထို့အတူပင် ခွန်အားတောင့်တင်းသည့် အိန္ဒိယလူမျိုးများ၊ တပ်မတော်သား များ၊ တိုက်ပွဲဝင်သူများသည် ကုလားပဲကို အဓိကရိက္ခာအဖြစ်ထား၍ စားသုံးကြသည်ကိုတွေ့ရသည်။ ကုလားပဲစားသုံးသူများသည် သန်မာတောင့်တင်းရုံမျှမက အပင်ပန်းဒဏ်၊ ဥတုဒဏ်များကို ခံနိုင်ရည် ရှိသည်ဟုဆိုသည်။ ကျွဲတစ်ကောင်ကို လှဲသတ်နိုင်သူတစ်ဦးသည် ကျွဲသားကိုမစား၊ အမဲသားကိုမစား၊ ကုလားပဲကို စားသည်ဟု အဆိုရှိသည်။
သို့သော် ကုလားပဲကို ရိုးရာတိုင်းရင်းဆေးပညာရှုထောင့်မှ ကြည့်သောအခါ ဆေးပညာကျမ်းများအလို အရ ကုလားပဲသည်ပဲအမျိုးမျိုးတွင် “ဂရု” ဂုဏ်ရှိသောပဲမျိုးဖြစ်သည်။ “ဂရု” ဆိုသည်မှာ လေးလံသည့် အနက်အဓိပ္ပာယ်ရှိသည်။ ဂရုဂုဏ်ရှိသောအစာသည် ကြေခဲသည်။ ရုပ်လေးသည်။ အိပ်ချင်ငိုက်မျဉ်း သည်။ သြဇာဓာတ်ကို တိုးပွားစေသည်။ များများစားလျှင် ထိုင်းမှိုင်းစေသည်။
ရိုးရာဆေးပညာရှုထောင့်မှ ဓာတ်စာပေး၍ကုသော ပညာရပ်တွင် အာဟာရဖြည့်တင်းရန်လိုသော လူနာအတွက် ကုလားပဲ၊ နို့နှင့် အသားအမျိုးမျိုးတို့ ပေးလေ့ရှိသည်။ ဂရုဂုဏ်ရှိသော ဓာတ်စာအဖြစ် ပေးခြင်းဖြစ်သည်။ ကုလားပဲနှင့် ဆန့်ကျင်ဘက်မှာ ပဲရာဇာခေါ်ပဲနီလေးကို ပေးလေ့ရှိသည်။ ထိုပဲသည် နူးညံ့ပြီး ကြေကျက်လွယ်သည်။ အသက်ကြီးသူများအတွက် အစာကြေလွယ်သည်။ အာဟာရ ဖြစ်စေ သည်။ ပဲရာဇာသည် ရုပ်ကိုပေါ့ပါးစေသော “လဟု” ဂုဏ်ရှိသည်ဟု ဓာတ်စာဆရာကြီးများကဆိုသည်။ သွေးတိုးရှိသောလူနာ၊ နှလုံးကြီးသောလူနာ၊ “လဟု” ဆိုလျှင်ပေါ့ပါးသောအနက်အဓိပ္ပာယ်ရှိသည်။ အစာချေအားနည်းသောလူနာ၊ လေဖြတ်ဝေဒနာ နှစ်ရှည်ခံစားနေရသော လူနာများကို ကုလားပဲကိုမ ပေး၊ ပဲရာဇာကိုသာ ဓာတ်စာအဖြစ်ပေးသည်။ ကုလားပဲ၊ မြေပဲ၊ ပဲကြီး၊ စွန်တာနီ၊ ပဲစာဥ၊ စားတော်ပဲ များသည် ကြေခဲ၍ လူနာများနှင့်မသင့်။ ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေး၊ ပဲစင်းငုံစသည့်ပဲများသာ နူးညံ့၍ ကြေကျက်လွယ်သဖြင့် လူနာများ၊ သက်ကြီးရွယ်အိုများနှင့် သင့်သည်။
မြန်မာတို့နှစ်သက်သော ရိုးရာအစားအစာဖြစ်သည့် မုန့်ဟင်းခါးချက်ရာတွင် ကုလားပဲထည့်ချက်လေ့ရှိ သည်။ ထိုသို့ထည့်ရာတွင် အချို့က ကုလားပဲအစိမ်းမှုန့်၊ အကျက်မှုန့်များကို အသုံးပြုသော်လည်း အချို့ကကုလားပဲစေ့ကို ပြုတ်ချေပြီး ထည့်လေ့ရှိသည်။ အစိမ်းကိုပြုတ်၍ ထည့်ချက်သော မုန့်ဟင်းခါး ဟင်းရည်သည် အခန့်မသင့်လျှင် ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။
ကုလားပဲအမှုန့်ကို လှော်ထားသည့် အကျက်မှုန်ဖြင့် မုန့်ဟင်းခါးဟင်းရည်ချက်ခြင်းသည် ရနံ့လည်းမွှေး ပြီး ဝမ်းမပျက်စေနိုင်သဖြင့် စိတ်ချရသောနည်းဖြစ်သည်။ ကုလားပဲတစ်မျိုးတည်းကသည်ပင် ပထဝီစာ ဖြစ်၍ ဝမ်းချုပ်စေနိုင်ပြီး ဟင်းအရည်ချက်လျှင် အခန့်မသင်၍ အချဉ်ပေါက်ပြီးသိုးသွားလျှင် ဝမ်းပျက် စေနိုင်သောသတ္တိရှိသည်။ အစာမကြေလျှင်လည်း အိပ်ချင်ငိုက်မျဉ်းစေသည်။
ယောအတွင်းဝန် ဦးဖိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟကျမ်းတွင်လည်း အစိမ်းအတိုင်းလှော်သော ကုလား ပဲသည်အားကိုပြုတတ်၏။ နှုတ်ကိုမြိန်စေတတ်၏။ အခြောက်ကိုလှော်ထားသော ကုလားပဲသည် အဆီ သြဇာမရှိ၊ လေနာ၊ နူနာတို့ကို ပွားစေတတ်၏။ ပြုတ်ပေါင်းသောကုလားပဲသည် သလိပ်၊ သည်းခြေကို နိုင်၏။ ကုလားပဲဟင်းသည် စိတ်နှလုံးကိုတုန်လှုပ်ခြင်းပြုစေတတ်၏။ ကုလားပဲအစိမ်းသည် နူးညံ့၍ နှုတ်ကို မြိန်စေတတ်၏။ သည်းခြေ၊ သုက်ကို နည်းစေတတ်၏။ အေး၏။ ဖန်၏။ လေကိုပျက်စေတတ် ၏။ ဝမ်းချုပ်၏စသည်ဖြင့် ဖွင့်ဆိုထားသည်ကို တွေ့ရပေသည်။
ကုလားပဲကို အလုပ်ကြမ်းလုပ်ရသူများ၊ ခရီးခြေကျင်သွားရသူများ၊ စစ်သည်များ၊ ခွန်အားအသုံးပြုရသူ များစား၍ ဘာမှမဖြစ်ပေ။ အထိုင်များသူ၊ အလုပ်မလုပ်သူ၊ အေးစက်သောအခန်းတွင် ဇိမ်နှင့်နေသူများ မစားသင့်ပေ။ အဆစ်ရောင်၊ လေးဘက်နာရှိသူ၊ အကြောတက်ရောဂါရှိသူ၊ အစာမကြေရောဂါရှိသူ၊ ကိုယ်ရောင်ရောဂါရှိသူများ၊ ရင်ကျပ်ရောဂါရှိသူများ မသင့်ပေ။ အဝေးပြေးလမ်းတွင် ကားမောင်းရသူ များ၊ စားမေးပွဲနီး၍ စာကျက်မှတ်နေရသူများတွင်လည်း အိပ်ချင်ငိုက်မျဉ်းတတ်၍ သတိထားစားသုံး သင့်ကြောင်း တင်ပြလိုက်ရပေသည်။
ကြည်လွင်မြင့် (မုဒြာ)
No comments:
Post a Comment