Tuesday 10 February 2015

ဒေါက်တာသိန်းလွင်ကို ဒီချုပ်က တာဝန်မှ ရပ်ဆိုင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာသိန်းလွင်ကို ပါတီတာဝန်များမှ ရပ်ဆိုင်းလိုက်ကြောင်း အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေညာချက် ထုတ်ပြန်သည်။
ဒေါက်တာသိန်းလွင်သည် အဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ခြင်း၊ တားမြစ်ချက်များ မလိုက်နာခြင်းကြောင့် အရန်ဗဟိုအလုပ်အမှုဆောင်တာဝန်နှင့် ဗဟိုကော်မတီဝင်အဖြစ်မှ ရပ်ဆိုင်းလိုက်သည်ဟု ဖေဖော်ဝါရီ ၉ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပါတီ၌ ရာထူးတာဝန်တစ်ခု ရရှိထားသူသည် ပါတီနှင့် မသက်ဆိုင်သော အခြားကော်မတီများ၌ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး စသည့် တာဝန်များ မယူရဘဲ အဖွဲ့ဝင်အဖြစ်သာ ပါဝင်ခွင့်ရှိသည်ဆိုသည့် အချက်ကို မလိုက်နာသောကြောင့် အရေးယူခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။
‘‘ဒါဆရာရဲ့ ဆုံးဖြတ်ချက်ပါ။ ဆရာ့ကို ရွေးချယ်ခွင့်ပေးပါတယ်။ ဆရာက NNER ကို ရွေးခဲ့တဲ့အတွက် ပါတီရဲ့ တာဝန်ကနေ ရပ်ဆိုင်းတာပါ။ ပါတီဝင်အဖြစ်နဲ့ ဆက်ရှိ၊ မရှိကတော့ ဆရာနဲ့ပဲ သက်ဆိုင်ပါတယ်’’ဟု ဒေါ်နန်းခင်ထွေးမြင့်ကပြောသည်။

လက်ရှိတွင် ဒေါက်တာသိန်းလွင်သည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် အဓိကနေရာမှ ပါဝင်လှုပ်ရှားလျက်ရှိပြီး သပိတ်မှောက် ကျောင်းသားများ တောင်းဆိုထားသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်နေသည်။
သပိတ်မှောက်ကျောင်းသားများအား နောက်ကွယ်မှ ကြိုးကိုင်သော နိုင်ငံရေးအဖွဲ့အစည်းအချို့ရှိကြောင်း အစိုးရ၏ ကြေညာချက်မထုတ်ပြန်မီတွင် ဒေါက်တာသိန်းလွင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ လေးပွင့်ဆိုင်ဆွေးနွေးပွဲသို့ တက်ရောက်ခြင်းမဟုတ်ကြောင်း အဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ယခုအခါ အရေးယူချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
‘‘ကျွန်တော်တို့ NNER ဆိုတာ တစ်ဦးတည်း ခေါင်းဆောင်တာ မဟုတ်ဘူး။ အားလုံးစုပေါင်းပြီး ခေါင်းဆောင်တာပါ။ ကျွန်တော် NNER နဲ့ အမြဲတမ်းရှိနေမယ်။ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များနဲ့ အတူရှိနေမယ်။ ပါတီ စည်းကမ်းအရ အရေးယူတာကို ပါတီဝင်တစ်ယောက်အနေနဲ့ ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်စိတ်ပိုင်းဖြတ်မှုအရ NNER ဟာ ပညာရေးပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်ဆောင်ရွက်နေတာဖြစ်တယ်။ NNER မှာ ကျွန်တော်ဆက်လက်ရှိနေမှာပါ’’ဟု ဒေါက်တာသိန်းလွင်ကပြောသည်။
ဒေါက်တာသိန်းလွင်ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဗဟိုပညာရေးကော်မတီကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းမည်ဖြစ်ပြီး ကော်မတီအသစ်မှာ တာဝန်ယူမည့်အချိန်အထိ ကော်မတီလုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အဖွဲ့ချုပ်က ထပ်မံထုတ်ပြန်ချက်တွင် ကြေညာထားသည်။
7Day
ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမတွင်ကျင်းပသော အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲ၌ တွေ့ရသည့် ဒေါက်တာသိန်းလွင်/ ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)

No comments:

Post a Comment